နေ့လည် ( ၁ ) နာရီတိတိရှိနေပြီဖြစ်သည်။
လင်းငယ်နေ့လည်စာစားပြီးတော့ ပျင်းပျင်းနှင့် ရေဒီယိုမှလာသော လေလှိုင်းသီချင်းသံတွေကိုနားထောင်နေ၏။ ဘာလိုလိုနှင့် သင်္ကြန်နားလည်းနီးနေပြီဖြစ်သောကြောင့် လင်းငယ်ကြည်နူးနေမိသည်။ သင်္ကြန်ရောက်လျှင် လင်းငယ်၏မွေးနေ့လည်းရောက်ရှိလာလိမ့်မည်။
နွေလေကအတော်ပင် ပူအိုက်လွန်းသည်။
ရေချိုးထားချိန်ပဲ နေသာထိုင်သာရှိသည်မို့
လူနှင့်အဝတ်ကပ်တောင်မကပ်ထားချင်။ နည်းနည်းလေးမျှလှုပ်လိုက်လျှင်ပင် ထွက်လာသည့်ချွေးကစေးကပ်ကပ်နှင့်လင်းငယ်ဖြင့် နွေရာသီကိုမကြိုက်ပေါင်။စားပွဲခုံပေါ်တွင်လည်း ဝယ်ထားသောမုန့်များကကုန်ပြီမို့ ထွက်ဝယ်ရဦးမည်။ ပါးစပ်ကတကြွပ်ကြွပ်မဝါးရရင် တစ်စက္ကန့်မျှပင်
မနေနိုင်သောလူသားဖြစ်သောကြောင့်
မုန့်သည်သာ လင်းငယ်အတွက်အရာရာ။လင်းငယ်တို့ရပ်ကွက်က သစ်ပင်ကြီးများအား ဘေးဘက်တွင်ယှဉ်ကာ စိုက်ထားသောကြောင့် အရိပ်ရသည်ဟုဆိုရမည်။ ထို့ကြောင့် လင်းငယ်မုန့်ဆိုင်သို့သွားလျှင် တကူးတကဖြင့်ထီးဆောင်းစရာမလို။ လင်းငယ်ကလည်း ထီးကိုင်ဖို့ဆိုရင် အပျင်းလွန်သည့်ကောင်လေးဖြစ်သည်။
အပူရှပ်မည်ဆိုးသောကြောင့် လျှာထိုးဦးထုပ်လေးဆောင်းကာ လက်ထဲအနုတ်ကလေးများကိုင်၍ မုန့်ဆိုင်သို့ပြေးလေပြီ။ ဆိုင်ထဲရောက်တော့ ချိတ်များနှင့်ချိတ်ထားသည့် မုန့်ပေါင်းစုံကို လင်းငယ်တွေ့ရပြီ။
ကျားကြီးဇီးထုပ်၊ ဖြိုးဓနစာကလေးချောင်းကြော်၊ မရွေးထုပ်၊ တစ်လုံးတစ်ဆယ်တန်
ပီကေပျော့ကလေးတွေနှင့် ဂွတ်မောနီးပဲပေါင်မုန့်ထုပ်တွေကို စိတ်ကြိုက်ဖြုတ်ကာ ဝယ်လေတော့သည်။ Asia တံဆိပ် ကဗလာအချိုရည် ကော်ဗူးလေး ( ၂ ) ဗူးကိုလည်းဝယ်ခဲ့သေးသည်။ပိုက်ဆံရှင်းပြီးတော့ လင်းငယ်လက်ထဲတွင်နှစ်ဆယ်တန် နှစ်ရွက်ကို တစ်ဆယ်တန်တစ်ရွက်နှင့် ပူး၍စတာပလာနှင့်ညှပ်ထားသော ကျပ် ငါးဆယ် သာကျန်တော့သည်။ လိုချင်တာဝယ်ပြီး လှည့်ပြန်မည်အလုပ် ဆေးလိပ်တွေထည့်ထားသောဘူးပေါ်သို့ ကျရောက်လာသည့် လက်တစ်စုံ။ ထိုလက်များကို လင်းငယ်မှတ်မိပါသည်။
YOU ARE READING
သူဝှက်ထားတဲ့ ချစ်ကဗျာ ( သူဝွက္ထားတဲ့ ခ်စ္ကဗ်ာ )