" လိုတာတွေအကုန်ထည့်ပြီးပြီလားမေမေ "
" ပစ္စည်းတွေတော့စုံပြီသားရေ "
" ဒါဖြင့်သွားကြတာပေါ့။ အန်တီမေတို့လည်း အဆင်သင့်ဖြစ်နေပြီထင်တယ် "
" အေးပါအေးပါ "
အမေဖြစ်သူမှ တရားစခန်းဝင်ချင်သည်ဆိုသောကြောင့် ဒေါနတစ်ယောက်ပြည်မြို့၏
တောရကျောင်းလေးတစ်ကျောင်းသို့
လိုက်ပို့ပေးရမည်ဖြစ်သည်။ အစကတော့ တစ်ယောက်တည်းလွှတ်ရမည်ကိုစိတ်ပူသလိုဖြစ်သော်လည်း လင်းငယ်၏အမေဖြစ်သူသာမက အိမ်ကကြီးပုကိုလည်းခေါ်ကာ အတူသွားမည်ဆိုသောကြောင့် စိတ်ချလက်ချဖြစ်သွား၏။သင်္ကြန်ရောက်ရန်တစ်ရက်သာ ကျန်တော့သည်မို့ သင်္ကြန်တွင်းသီလယူရန် တိုင်ပင်ထားသဖြင့် လင်းငယ်၏အမေဖြစ်သူ အမြဲသွားလှူလေ့ရှိသောနိဗ္ဒိန္ဒတောင်ဝန်းကျင်က တောရကျောင်းလေးကို ရွေးချယ်လိုက်ကြခြင်းပင်။ အေးချမ်းပြီး စိတ်အပူငြိမ်းစေသော တရားရိပ်လေးမို့
အနီးအနားမှလူများလည်း သည်နှစ်သင်္ကြန်ကို ထိုတောရကျောင်းလေးတွင်သာ တရားဘာဝနာပွားများပြီး ကုန်ဆုံးပေလိမ့်မည်။လိုအပ်သည်များကိုသေချာစီစစ်ပြီး ဒေါ်ခင်ဒေါနနှင့် ကြီးပုက ခြံထဲသို့ထွက်လာခဲ့သည်။ သားဖြစ်သူမှာဖြင့် မိခင်၏ယောဂီဝတ်စုံများ၊တရားစာအုပ်၊ ပုတီးများထည့်ထားသည့် ခရီးဆောင်အိတ်အသေးလေးနှင့် ကြီးပု၏ခရီးဆောင်အိတ်ကလေးအား သယ်လာခဲ့လိုက်သည်။ လမ်းခရီးကားအနည်းငယ်လှမ်းသောကြောင့် မနက်ခင်းစောစောထွက်နှင့်မည်ဖြစ်သည်။ ဒေါနကခြံထဲရှိကားဆီကိုရောက်တော့ ကားနောက်ဖုံးထဲတွင် ခရီးဆောင်အိတ်များကိုထည့်ပြီးစက်နှိုးကာ လင်းငယ်တို့ခြံရှေ့သို့မောင်းသွားလိုက်သည်။ တစ်ဖက်မိသားစုမှာလည်း အသင့်ဖြစ်လို့နေရာ ဒေါနတို့၏ကားရောက်သည်နှင့် ဧည့်ခန်းထဲမှချက်ချင်းထွက်လာကြသည်။
လင်းငယ်မှာတော့ အမေဖြစ်သူ၏ခရီးဆောင်အိတ်တွေကိုသယ်ကာ နောက်မှတကောက်ကောက်ဖြင့်။ ဒေါနကမြင်တော့ လင်းငယ်ဆီမှ ခရီးဆောင်အိတ်တွေကို လွှဲယူကာ ကားနောက်ဖုံးထဲသို့ထည့်လိုက်သည်။ ထို့နောက်ကားနောက်ခန်းတံခါးကိုဖွင့်ပြီး လင်းငယ်ကိုဝင်ထိုင်ဖို့တစ်ခွန်းသာပြောသည်။ မျက်နှာထားကတော့ ပုံမှန်အတိုင်းတည်နေပြီး အရယ်အပြုံးလည်းမရှိ။ လင်းငယ်တို့သားအမိ ကားပေါ်တက်တော့ တောရကျောင်းလေးသို့ အသွားခရီးမှာ စတင်ပြီိဖြစ်သည်။ အမေဖြစ်သူနှစ်ယောက်နဲ့ ကြီးပုတို့၏ စကားသံများသာခရီးလမ်းတစ်လျောက် ပျံ့လွင်နေသော်လည်း ဒေါနနှင့် လင်းငယ်တို့ကတော့ ငြိမ်သက်နေသည်။ ဒေါနဖြစ်သူကတော့ ပင်ကိုယ်ပုံစံဖြစ်သော်လည်း လင်းငယ်ကတော့ ထိုသို့မဟုတ်။ ဒေါနကိုမေးချင်တာတွေမေးပြီးနေ့ကတည်းက အိုးမလုံအုံပွင့်သကဲ့သို့ဖြစ်နေသောကြောင့်ပင်။
YOU ARE READING
သူဝှက်ထားတဲ့ ချစ်ကဗျာ ( သူဝွက္ထားတဲ့ ခ်စ္ကဗ်ာ )