အခန်း (၁)

359 16 0
                                    

"အဆင်ပြေရဲ့လား ချာလီ..?"

ဧည့်ကြိုကောင်တာက သူနာပြုကို ခေါင်းမော့ကြည့်ပြီးတောင် ကျွန်တော် ပြန်နုတ်ဆက်မနေတော့..။ စိတ်ကုန်စရာကောင်းလွန်းတဲ့ ဒီ သုံးနှစ်တာကာလအတွင်း သူ ကျွန်တော့်ကို နေ့တိုင်း တွေ့နေရတာကိုများ..။ အဆင်သာပြေနေခဲ့ရင် ဒီသောက်ကျိုးနည်းဆေးရုံကို သောက်နေ့ရှိသရွေ့ လာပြနေမယ်လို့ ထင်နေတယ်ပေ့ါ...။ ဘဝမှာ တခြား ဒီထက်ပိုကောင်းတာ လုပ်စရာ တစ်ခုမှ မရှိတော့သလိုပုံစံနဲ့လေ..။ ရိုင်းတော့ မရိုင်းသင့်မှန်းသိပါရဲ့...။ သူ့ အမှားလည်း တစ်ခုမှ ရှိတာမဟုတ်ပေ...။ သူ့အလုပ်သူလုပ်နေတာကို ကျွန်တော်သွားစိတ်ဆိုးမနေသင့်တာပဲ....။

ကျွန်တော် သူနာပြုကို တစ်ချက်ကြည့်လိုက်၏...။ ပထမဆုံး အကြိမ်အဖြစ်..သေသေချာချာကြည့် ဖြစ်ခြင်းဖြစ်သည်...။ အမျိုးသမီးတစ်ဦး.... ရှည်လျားနက်မှောင်နေတဲ့ ဆံနွယ်တွေကို အနောက်ဘက်မှာ ဆံထုံးလေးထုံးထား၏..။ ဆံထုံးကို မြဲနေအောင် ကလစ်တွေနဲ့ ဖိတွယ်ထားပေမယ့် ဆံနွယ်တချို့က လွတ်ထွက်လျက်ရှိနေသည်..။ အလုပ်လုပ်နေရင်းက အဲ့ဒီဆံနွယ်တွေကို နားရွက်နောက်ထဲ သပ်တင်နေပေမယ့် ဒုံရင်းအတိုင်း ပြန်ထွက်မြဲ ထွက်လျက်..။ ဘာမှအကြောင်း မထူးတာ သိရက်နှင့်လည်း မရပ်ပစ်ပဲ သပ်တင်နေမြဲနေဆဲပင်..။ အမျိုးသမီးက လတ်လတ်ဆတ်ဆတ် ရိတ်ပြီးကာစ မြက်ခင်းရဲ့ အရောင်လို စိမ်းမြနေတဲ့ သူမရဲ့ ရင်ထိတ်ဖွယ်ရာ မျက်ဝန်းစိမ်းတွေကို ထူထဲလှတဲ့ ကိုင်းတပ်မျက်မှန်အနောက်မှာ ဖုံးကွယ်ထား၏...။ ကြည့်ရတာ အိမ်ထောင်မရှိသူ အပျိုပဲဖြစ်မည်ထင်ပါသည်...။ မဟုတ်ရင် အလုပ်လုပ်နေမည် မဟုတ်လောက်..။ ဒါပေမယ့် သူမလို ရုပ်ချောတဲ့ အမျိုးသမီးတစ်ယောက်က တစ်ယောက်တည်းတော့ ဖြစ်မနေသင့်..။ သူနာပြုဝတ်စုံ နဲ့မဟုတ်ဘဲ ကပွဲကြမ်းပြင်ထက်မှာသာ ရှိနေခဲ့ရင် ပိုလို့တောင်ချော..ပိုလို့တောင်လှဦးမည်မလား...။ သူမနဲ့ အတူတူ ကပွဲမှာ ရှိနေမည့်ပုံကို ကျွန်တော် တစ်ချက်လောက် စိတ်ကူးယဉ်ကြည့်မိ၏...။ သူမရဲ့ ဆံနွယ်လေးတွေကို ကျွန်တော့်လက်ချောင်းထိပ်လေးတွေနဲ့ မွှေ့ပတ်ကစားလိုက်မည်ဆိုလျှင်...၊ သူမခေါင်းကို နောက်ကိုဖြတ်ကနဲ လှန်ချလိုက်ပြီး သူမလည်တိုင်လေးကို ဆတ်ကနဲ နမ်းလိုက်မည်ဆိုလျှင်...သူမရယ်သံလေးတွေက ဆင်စွယ်တိုင်လေးတွေကို တီးခတ်လို့ထွက်လာတဲ့ အသံတွေထက်ကို ပိုပြီး ချိုလွင်နေလိမ့်မည် ထင်သည်..။

အချစ်နဲ့စစ် (ဘာသာပြန်) [Completed]Where stories live. Discover now