အခန်း(၄)

148 9 2
                                    


နောက်နေ့ မနက်ခင်းမှာ ကျွန်တော် စိတ်ကြည်နူးရွှင်ပျစွာနဲ့ နိုးထလာခဲ့သည်..။ သူက ကျွန်တော်နဲ့တစ်ညလုံးနေပေးခဲ့ပြီး..ညစာတွေလည်း ချက်ကျွေးသေးကာ နှစ်ယောက်သား ဝိုင်ခွက်ကိုယ်စီဖြင့် စကားတွေပြောလိုက်ကြသည်မှာ မနက် ၃ နာရီပင်ထိုးလုခဲ့သည်..။ တကယ်ပါ..ကျွန်တော်ဆိုတဲ့ကောင်..ဘာတွေတွေးကြောက်နေခဲ့မှန်းမသိ..။ ဘယ်သူ့ကိုမှလည်း ကျွန်တော်တို့ ထိခိုက်အောင် လုပ်နေတာမဟုတ်..။  နှစ်ဦးလုံးက အရွယ်ရောက်ပြီးသား..ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ ကိုယ်သိတဲ့လူတွေ..။ ကျွန်တော်တို့ နှစ်ယောက် မနေ့ညက အတူအိပ်ခဲ့လို့ဆိုပြီး ဘယ်သူများ ထိခိုက်နစ်နာသွားလို့လဲ..၊ ဘယ်သူ့ကိုများ ပြစ်မှားစော်ကားမိလို့လဲ..? ဘယ်သူမှလည်း မသိ..၊ သိလည်း ဘယ်တော့မှ သိစရာမလို..၊ အဲဒီတော့ ဘယ်မှာလဲ ထိခိုက်နစ်နာစရာ..? ဘာအကြောင်းနဲ့များ ကိုယ်ချစ်တဲ့သူကို ချစ်မိလို့ဆိုတဲ့ အပြစ်နဲ့ နှစ်စဉ်နှစ်တိုင်း ယောကျာ်းပေါင်းများစွာ အဖမ်းဆီးခံရပြီး ထောင်သွင်းအကျဉ်းချခံနေရတာတဲ့လဲ..?

သူက ကျွန်တော့်ဘေးမှာ လူးလွန့်နေပြီး ကိုယ်ကို လှိမ့်လိုက်ကာ ကျွန်တော့်ကို သူနဲ့နီးကပ်သွားအောင်ဆွဲယူလိုက်သည်..။ အချစ်ခံရတယ်ဆိုတာ ဒီလိုခံစားချက်မျိုးများလား..? အိပ်ပျော်နေတဲ့အချိန်မှာတောင်မှ..၊ သိစိတ်တွေလစ်ဟာနေချိန်မှာတောင်မှ..၊ ဒါမှမဟုတ် ကိုယ်ဝင်ပြီး စိတ်ကူးကြည့်ဖို့မဖြစ်နိုင်တဲ့ အိမ်မက်တွေမက်နေတဲ့အချိန်မျိုးမှာတောင်မှ..၊ သူ့ခန္ဓာကိုယ်က ကိုယ့်ရဲ့တည်ရှိမှုကို အလိုအလျောက် မှတ်မိသိရှိနေတာမျိုး.။ ခန္ဓာကိုယ်က "မင်းကို ကိုယ့်အနားမှာ နီးကပ်စွာရှိနေစေချင်တယ်" လို့ပြောနေသေးတာမျိုး..။ ပြီးတော့ ဘာမှဖုံးကွယ်ထိန်းချုပ်မနေတဲ့သူ့ရဲ့အဲ့ဒီအပြုအမူလေးတွေကြောင့် ကိုယ့်ကိုချစ်တယ်ဆိုတာကို ကိုယ်သိနေတာမျိုးလေ..။ ဘုရားသခင်...ဒီလိုလေးအတိုင်း..ဒီနေ့တစ်နေ့လုံး..နေ့တိုင်းနေ့တိုင်း ဒီနေရာမှာ ဒီတိုင်းလေးပဲနေသွားလို့ မရဘူးလားနော်..?

မနေ့ညက ကျွန်တော်တို့နှစ်ယောက် ပုလဲဖြူရောင် အဝင်တံခါးပေါက်နား.. ဘုရားသခင်ရှေ့တော်မှောက်မှာ ရောက်နေခဲ့သည်ဟု အိမ်မက်မက်ခဲ့သည်..။ ဒါပေမယ့် ကိုယ်တော်က ဒေါသဖြစ်မနေခဲ့သလို..စိတ်ပျက်လက်ပျက်လည်း ဖြစ်မနေခဲ့ပါ..။ ကိုယ်တော်က ကျွန်တော်တို့နှစ်ယောက်ကိုပွေ့ဖက်ခဲ့ပြီး ရိုးရိုးပဲပြောခဲ့သည်..။ 

အချစ်နဲ့စစ် (ဘာသာပြန်) [Completed]Where stories live. Discover now