အခန်း ၂

909 101 5
                                    

~Unicode~

ချန်လင်လမ်းတစ်လျှောက်လုံး၌ သစ်ပင်ကြီးငယ်တို့ စိမ်းစိုနေကြလျက် လူနေအိမ်များကိုပင် အစိမ်းရောင်အရိပ်အယောင်တို့က လွှမ်းခြုံထားသည် ။ တက္ကစီက လမ်းထဲသို့ ချိုးကွေ့ကာ အရှိန်လျှော့လိုက်ပြီးနောက်တွင် အပြင်ဖက်သို့ တစ်ချက်လှမ်းကြည့်လိုက်ရင်း မေးလာသည် ။ " ဘယ်နားလေးမှာ ချပေးရမလဲ ?"

ချောင်ယွမ့်လင်က ငွေပေးချေရန်ကုဒ်အား ငုံ့ကြည့်နေခဲ့ရင်းနှင့်ပင် ပြန်ဖြေလာသည် ။

" ‌ရှေ့ဆက်မောင်းပေးပြီး ဝမ့်ဖျင်လမ်းကြားမှာ ရပ်ပေးပါ "

ဤပတ်ဝန်းကျင်မှာ မြို့ဟောင်း၏ တစိတ်တပိုင်းဖြစ်ပြီး အိမ်ခြံမြေဈေးကွက်ထဲတွင် အို‌ဟောင်းသေးငယ်သော အဆောက်အဦးများအဖြစ် သတ်မှတ်ခံထားရသည် ။ လမ်းကြိုလမ်းကြားများရှိ လူနေအိမ်များမှာ လူကြိုက်မများလှပဲ ငှားရမ်းစရိတ်ကပင် ဈေးချိုသာနေပြီဖြစ်ရာ အရောင်းအဝယ်လုပ်ရန်အတွက် မည်သူကမျှ စိတ်မဝင်စားကြ ။ ဒေသခံလူအများမှာလည်း အခြားသောအရပ်များဆီသို့ ပြောင်းရွှေ့လိုစိတ် အလျဉ်းမရှိကြလျက်သား ။ ပတ်ဝန်းကျင်က စိမ်းစိုကာ ပန်းခြံများစွာရှိပြီး မနီးမဝေးတွင်လည်း ဟင်းသီးဟင်းရွက်ဈေးတန်းတစ်ခု ရှိသေးလေရာ အငြိမ်းစားယူပြီးသူများ နေထိုင်ရန်အတွက်မူ အထူးသင့်တော်သော ပတ်ဝန်းကျင်တစ်ခု ဖြစ်လာခဲ့လေသည် ။

လမ်းကြားလေး၏ထိပ်၌ ကားရပ်လိုက်ပြီးနောက်တွင် ချောင်ယွမ့်လင်က ကျောပိုးအိတ်အား သေချာပြန်လွယ်လိုက်သည် ။ နွေဦးရာသီ၏ အပူရှိန်က သိသိသာသာကို မြင့်တက်လာပြီဖြစ်ရာ လူငယ်အချို့မှာတော့ အင်္ကျီလက်တိုကိုပင် ပြောင်းလဲဝတ်ဆင်နေကြပြီဖြစ်သည် ။ သို့သော် ချောင်ယွမ့်လင်ကမူ ငယ်စဉ်ကတည်းက အအေးကြောက်သည်ဖြစ်ရာ လက်ရှည်အနွေးထည်အပါးတစ်ထည်အား ဝတ်ဆင်ထားဆဲပင် ။

လမ်းကြားလေးထဲသို့ မိနစ်သုံးဆယ် လေးဆယ်ခန့်မျှ လျှောက်ဝင်လာခဲ့မည်ဆိုပါက နှစ်ပေါင်းများစွာအကြာ ပြန်လည်ပြုပြင်ထားခြင်းမရှိပါသော အဆောက်အအုံငယ်လေးတစ်ခုအား တွေ့ရပေမည် ။ ပထမထပ်တွင်တော့ " ‌ရွေ့ကျီးချီဖောင်ဆိုင် " ဆိုသည့် ဆိုင်းဘုတ်ငယ်လေးရှိပြီး ဆိုင်ထဲမှနေ၍ Teresa Teng ၏ "ရေပြင်၏တစ်ဖက်ခြမ်းဝယ် " သီချင်းသံက ပျံ့လွင့်နေသည် ။

နှလုံးသား၏စေစားရာ║မြန်မာပြန်Where stories live. Discover now