အခန်း ၃

852 106 8
                                    

~Unicode~

ချောင်ယွမ့်လင်မှာ ချက်ချင်းပင် နိုးသွားတော့သည် ။

ဤအိမ်ငှားက အတော်လေးကို စိတ်ဝင်စားစရာကောင်းသည်ပင် ။ တစ္စေတစ်ကောင်အလား ခြေရာလက်ရာမကျန်ပါပဲ လာပြီးပြန်ထွက်သွားသော်ငြား စာတစ်စောင်ချန်ထားရင်းနှင့်ပင် သူရှိနေမှန်းကိုလည်း အရိပ်အမြွက်ပေးသွားပြန်သည် ။

လူတွေကို လိုက်ခြောက်နေတာလား ? လွှင့်ပစ်မယ်ဆိုတာကရော ဘာတုန်း ?

ချောင်ယွမ့်လင်က စိတ်အနှောက်အယှက်ဖြစ်စွာနှင့် ထထိုင်လိုက်ကာ စာကြည့်စားပွဲထံသို့ လှမ်းကြည့်လိုက်ချိန်တွင် စားပွဲပေါ်ရှိ သရေစာများအားလုံးအား သေသေသပ်သပ် ထုပ်ပိုးထားပြီး အများကြီးကျန်နေသေးသည့် စားလက်စမုန့်ထုပ်များ အားလုံးကိုမူ ညှပ်ကလစ်များဖြင့် ပိတ်ထားကြောင်း တွေ့လိုက်ရသည် ။

အဲ့ဒီတော့.. သူက အဲ့တာတွေကို မစားပဲနဲ့ သန့်ရှင်းရေးပဲ လုပ်ပေးသွားတာလား ?

ချောင်ယွမ့်လင်က မှတ်စုစာရွက်လေးအား လက်ထဲ၌ ဘောလုံးတစ်လုံးဖြစ်အောင် လုံးချေလိုက်ပြီးနောက် တစ်ဖက်လူထံ၌ အသန့်ကြိုက်သည့်ရောဂါများ ရှိနေသလားဟု သိချင်သွားခဲ့ရသည် ။

ကျက်မှတ်ထားသည့် ဝေါဟာရများအား ပြန်နွှေးလိုက်ပြီးနောက်တွင် ချောင်ယွမ့်လင်က ဆေးကြောသန့်ရှင်းရေးလုပ်ရန် ထသွားခဲ့သည် ။ ရေချိုးခန်းက မကြီးမားပါပဲ မှန်၏ဘေးဖက်ရှိ စင်ထက်တွင် စုစုပေါင်း ပုဝါလေးထည်အား ချိတ်ဆွဲထားသည် ။ ကျန်သုံးခုအား ကြယ်ငါးပွင့်ဟိုတယ်မှ ပုဝါများအလား သေသပ်စွာ ခေါက်၍ ချိတ်လှမ်းထားခြင်းဖြစ်သော်ငြား သူ၏ပုဝါမှာတော့ လုံးထွေးနေလျက်သား ။

တစ်ဖက်လူက တကယ်ကြီးကို OCD ရှိနေတာပဲ...

မျက်နှာသစ်ပြီးနောက်တွင် ချောင်ယွမ့်လင်က သူ၏ပုဝါအား တစ်ဖက်လူ၏လမ်းစဉ်ကိုလိုက်ကာ တို့ဖူးတုံးသေးသေးလေးတစ်တုံးနှယ် ခေါက်ရန် ကြိုးစားလိုက်ပါသော်လည်း အောင်မြင်လုဆဲဆဲအချိန်တွင် အဆောက်အဦး၏ အနောက်ဖက်မှ‌နေ၍ အမျိုးသမီးအော်သံတစ်ခုက ထွက်ပေါ်လာလေသည် ။

နှလုံးသား၏စေစားရာ║မြန်မာပြန်Where stories live. Discover now