ငါက အဲ့လောက်ငွေလေးကို ဂရုစိုက်မယ်လို့ ထင်နေတာလား...

61 6 0
                                    

ငါ့မှာ အပတ်တိုင်း အလုပ်အသစ်ရှိတယ်

ဘာသာပြန် - ထွန်းလင်းအောင်

အခန်း (၂၆)

   
    လင်းရီ အော်ဒါလက်ခံခြင်းကို ရပ်ဆိုင်းတော့မည်အချိန်တွင် သူ၏ဖုန်းမှ အော်ဒါတင်သောအသိပေးချက်တစ်ခု ရောက်ရှိလာသည်။ အော်ဒါတင်လိုက်သူကတော့ သူရောက်နေသည့် နေရာနှင့် အတူတူပင်။
   
   
    လင်းရီ အများကြီး စဉ်းစားမနေတော့ပဲ အော်ဒါကိုလက်ခံရန် ရွေးချယ်လိုက်၏။
   
    စနစ်၏ မစ်ရှင်နှင့် ကျွမ်းကျင်မှုများ ပိုင်ဆိုင်ခြင်းမှာ အော်ဒါများမှ တစ်ဆင့်ရလာခြင်းဖြစ်သည်။ ထို့ကြောင့် အော်ဒါ ပေါ်လာပါက သူ လက်မခံ၍ မဖြစ်ပေ။
   
    လင်းရီ အော်ဒါလက်ခံပြီးနောက် မြေပုံကို တစ်ချက်ကြည့်လိုက်သည်။ စတားဘက်နှင့် ကျုံးဟိုင်လုဟွေ့မှာ မီတာနှစ်ရာခန့်လောက်သာ ကွာဝေး၏။ထောင့်ကွေးလေးတစ်ခု ချိုးလိုက်သည်နှင့် ရောက်ပြီဖြစ်သည်။
   
    ထိုအချိန်တွင်တော့ အရပ်ရှည်ရှည်နှင့် အမျိုးသမီးတစ်ဦး သူ၏ လက်ထဲတွင် စတားဘက်ခ် ကော်ဖီတစ်ခွက်နှင့် ဆယ်လ်ဖီဆွဲနေ၏။
   
    "ဒီထောင့်က မလှဘူး..ဖျက်ပစ်လိုက်မယ်..."
   
    "ဒီတစ်ခုကလည်း စတားဘက်ခ် တံဆိပ်မပါဘူး..ဖျက်တယ်ကွာ..."
   
    "ဒီတစ်ခုကတော့မဆိုးဘူး...ဒါလေးပဲ ယူလိုက်မယ်..."
   
    ဆယ်လ်ဖီ ဆွဲပြီးနောက် အမျိုးသမီးမှာ ဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံ ဆက်တိုက်ဆိုသလို ဖျက်ပစ်နေသည်။ နောက်ဆုံးတွင်တော့ သူမ အနှစ်သက်ဆုံးပုံတစ်ချို့ကို ရွေးချယ်ပြီး ဝေ့ပေါ်တွင် တင်လိုက်၏။
   
    ကပ်ပရှင်ကတော့ ..
    "သောက်ဖူးသမျှ ကော်ဖီတွေထဲမှာ စတားဘက်ခ် ကော်ဖီက အကောင်းဆုံးပဲ..ဘာလို့ တခြား ကော်ဖီတွေက ခြေဆေးရေလိုမျိုး ဆိုးရွားနေရတာလဲ...."
   
    သူမ၏ အခိုက်အတန့်လေးကို လိုင်းပေါ်တင်ပြီးနောက်လက်မ အနည်းငယ်ခန့် ရရှိသွားသောအခါ ကျေနပ်သွား၏။
   
   
    "ဘာလဲဟ..သူတို့ပြောတော့ မီတာ ၂၀၀ လေးတည်းဆို...ဆယ်မိနစ်လောက် ရှိနေပြီ ..ခုထိကို ရောက်မလာသေးဘူး......."
   
    အမျိုးသမီးမှာ ခုထိ ကားရောက်မလာသေးကြောင့် စောဒက တက်လိုက်၏။
   
    ထိုအချိန်တွင်တော့ ‌လမ်းပေါ်၌ အတော်လေး ပွက်လောရိုက်နေကြသည်။
   
    "ကြည့်စမ်း...အဲ့တာ ပန်ဂနီ ဇွန်ဒါဟ"
   
    "ဒီကားရဲ့ ဒီဇိုင်းကြီးက ချဲ့ကားလွန်းပါတယ်ကွာ..သူက
လမ်ဘိုဂီနီထက်တောင် ပိုပြီး ဟိတ်ဟန်များနေသေးတယ်....."
   
    "လမ်ဘိုဂီနီနဲ့ယှဉ်မယ်ဆိုရင် ဒီကားက သူ့ရဲ့ ဘိုးဘေးကွ...မသိဘဲနဲ့ လျှောက်မပြောနဲ့...."
   
    ပန်ဂနီ တစ်စင်း မောင်းလာသည်ကို မြင်သောအခါ လူများမှာ သူတို့၏ ဖုန်းများကို အလျင်အမြန်ထုတ်၍ ဓာတ်ပုံရိုက်ကြတော့၏။
   
    ဤလိုကားမျိုးဆိုသည်မှာ မြင်ရခဲ၏။ ထို့ကြောင့် တွေ့သောခဏ၌ အမှတ်တရ ဖြစ်စေရန်ဓာတ်ပုံရိုက်၍ သိမ်းထားရပေမည်။
   
    "ခင်များက ကဒ်နံပါတ် ၀၃၈၉ နဲ့ ဆုံးတဲ့ မစ်ရွှီလား..."
   
    အော်ဒါမှာ နာမည်ကို အတိအကျ မဖော်ပြသောကြောင့် လင်းရီ သူမကို ဤကဲ့သို့သာ နာမည်တပ်နိုင်သည်။
   
    "ဟုတ်တယ်...ငါပဲ...."
   
    ပန်ဂနီ သူမရှေ့ ရပ်လိုက်သည်ကို မြင်သောအခါ ရွှီရန် ရှုပ်ထွေးသွား၏။ သူမဘာတွေဖြစ်နေသလဲဆိုတာကိုတော့ ယခုတိုင် သဘောမပေါက်သေးချေ။
   
    ဒါမှမဟုတ် သူမ အခုတလော စန်းပွင့် နေလို့များလား...
   
    "ကားထဲ၀င်...."
   
    "ကား...ကားထဲ၀င်...."
    ရွှီရန် သူမကြားလိုက်သည်ကိုပင် မယုံနိုင်ပေ။
   
    ကောင်းကင်ဘုံက သူမကို ကောင်းချီးပေးပြီး ခုလေးတင် ချမ်းသာတဲ့ ဒုတိယမျိုးဆက်နဲ့ အောင်သွယ်ပေးလိုက်တာများလား.....
   
    "အိုး...အိုကေလေ..."
   
    ဤသို့ဖြင့် လူတိုင်း၏ မနာလိုသော အကြည့်များအောက်တွင် လင်းရီ၏ကားတံခါးကိုဖွင့်၍ အထဲသို့ ၀င်ထိုင်လိုက်သည်။
   
   
    "ဟဲ..ဟဲလို .."
    ရွှီရန် လင်းရီကားထဲသို့ ၀င်လိုက်သည်နှင့် တစ်ပြိုင်နက် အိန္ဒြေကို မနည်းဆည်နေရ၏။
   
    သူမ၏ နှစ်နှစ်ဆယ်ကျော်သော သက်တမ်းတွင် ပြိုင်ကားစီးဖူးခြင်းမှာ ပထမဆုံး အကြိမ်ပင်။
   
    မြင်သမျှ အားလုံးမှာ အသစ်အဆန်းများ ဖြစ်နေသော်လည်း မရှိသည့် ဂုဏ်သိက္ခာကို ငဲ့ညာ၍ ဓာတ်ပုံမရိုက်ခဲ့ပေ။
   
    ထို့ပြင် သူမဘေးတွင်လည်း အဆင်လေး တစ်ယောက်ရှိနေသေး၏။ ထိုကြောင့် အိန္ဒြေကြီးသော မမကြီးအသွင် ဖမ်းနေသည်။
   
    "ဟဲလို.."လင်းရီလည်း လောက၀တ်အရ ပြန်လည်နှုတ်ဆက်လိုက်၏။
   
    "ကျွန်မက ရွှီရန်ပါ..တွေ့ရသာ ၀မ်းသာပါတယ်..."
   
   
    "ဟုတ်ကဲ့...ကျွန်တော်လည်းပဲ တွေ့ရသာ ၀မ်းသာပါတယ်..."လင်းရီ ကားမောင်ရင်း ရိုးရှင်းစွာ ပြန်လည် တုံ့ပြန်လိုက်သည်။
   
    "ကျွန်မ သိချင်တာက ဘာလို့ ကျွန်မကို ရွေးချယ်လိုက်တာလဲ...ပြီးတော့ ကျွန်မကို ဘယ်ခေါ်သွားနေတာလဲ....."
   
    ရွှီရန် စကားကို သတိထား၍ ပြောနေသည်။ သူမဘေးနားရှိ အဆင်လေးမှာ ပန်ဂနီ စီးနိုင်သော ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေး ဖြစ်၏။
   
    ထိုကဲ့သို့သော သူမျိုးကို တွေ့ခြင်းမှာ ပထမဆုံး အကြိမ်ပင်။ သူ မပျော်မရွှင် ဖြစ်သွားအောင် မလုပ်ဝံ့ပေ။
   
    ယခုတော့ ထိုသခင်လေးက သူမကို လက်ဦးမှု ရယူကာ ကားထဲသို့ဖိတ်ခေါ်ခဲ့၏။ ယခုမှ စ၍ သူမ၏ ဘ၀မှာ တစ်ဆစ်တစ်ချိုး ပြောင်းလဲသွားပေတော့မည်။
   
    "ခင်များကို ရွေးချယ်တယ်....."လင်းရီ ရွှီရန်ကို ကြောင်အစွာဖြင့် ကြည့်လိုက်ပြီး "ခင်များပဲ DiDi ကို ခေါ်ခဲ့တာမဟုတ်လား...ခင်များကမှ ကျုပ်ကို ရွေးခဲ့တာလေ..."
   
    "ပြီးတော့ ခင်များသွားမယ့် လိပ်စာကို ကျိုကျုံးအ‌ ဆောက်အအုံလို့ ပြောထားပြီးသားမဟုတ်လား...ဘာလို့ ဘယ်သွားနေလဲဆိုတာ လာမေးနေတာလဲဟ...."
   
   
    "ဟမ်...?"
   
    ရွှီရန် ဇဝေဇဝါဖြစ်သွားပြီး"ဘာ..ဘာပြောလိုက်တယ်..နင်က Didi ဒရိုင်ဘာ ..ဟုတ်လား..."
   
   
    "အင်း...ဟုတ်တယ်လေ...ဘာလို့လဲ..."
   
   
    "ဘယ်သူက ပြိုင်ကားနဲ့ Didi မောင်းလို့လဲ...."ရွှီရန် မေးလိုက်၏။
   
   
    "၀န်ဆောင်မှု အသစ်လေ...."
   
   
    "‌ေ-သစမျး...."
   
    ရွှီရန် ကျိန်ဆဲလိုက်ပြီး "ငါက ဘာမှမဟုတ်ပဲနဲ့ ၀မ်းတွေ သာမိနေတာ‌ပေါ့လေ.....လုပ်ခဲ့တာက Didiလေးအော်ဒါတင်ခဲ့တာကိုများဟယ်...."
   
    လင်းရီ သူမ၏ အမူအရာ ရုတ်ခြည်း ပြောင်းလဲသွားမှုကို မြင်ပြီး ဆွံ့အနေတော့၏။
   
   
    လင်းရီက Didi ဒရိုင်ဘာဖြစ်ကြောင်း သိသွားပြီးနောက် ရွှီရန် သူမဖုန်းကို ထုတ်၍ အကြိမ်တစ်ရာလောက် ဓာတ်ပုံရိုက်လိုက်သည်။
   
    ဘာမျှ ရိုက်စရာ မကျန်တော့သည့် အချိန်မှသာ ရပ်တန့်လိုက်၏။
   
   
    "နင်တို့ ကုမ္ပဏီက တော်တော်လေး စိတ်၀င်စားဖို့ကောင်းတာပဲ ဇိန်ခံကားနဲ့တောင် ၀န်ဆောင်မှုတွေ ပေးနေပြီ..ဘာလို့လဲတဲ့..လူတွေ အာရုံစိုက်လာအောင်လို့လား..... "
   
   
    "ဘယ်သူက ဒီကားက ကုမ္ပဏီအပိုင်လို့ ပြောတာလဲ..."လင်းရီ မေးလိုက်ပြီး "ဒီကားက ကျုပ်ရဲ့ ကားဗျ..."
   
   
    "မိမိုက်သလို ဟန်ဆောင်မနေစမ်းပါနဲ့ဟယ်...အဲ့လို ပြောလိုက်တာနဲ့ ငါ့ကို ရမယ်ထင်နေလို့ကတော့ အိပ်မက်ပဲ မက်နေလိုက်...."
   
    လင်းရီ အတည်ကြီး ဆွံ့အသွားပြီး "ကျုပ်က ခင်များရှေ့မှာ မိမိုက်သလို ဟန်ဆောင်နေတာနဲ့ တူလို့လား.."
   
   
    "မောင်ငယ်လေး...ဒီက အစ်မကြီးက ဦးနှောက်မရှိဘူးလို့များ နင်ထင်နေတာလား....."

ငါ့မှာ အပတ်တိုင်း အလုပ်အသစ် ရှိတယ်Where stories live. Discover now