p - 14

76 7 0
                                    

Unicode..



ညအမှောင်တို့သည် လောကတစ်ခွင် လွှမ်းခြုံရန် ကြိုးပမ်း‌နေပေသည်။ သို့သော်လည်း လရောင်တို့ကြောင့် ဝန်းကျင်တစ်ခွင် မြင်သာရုံ လင်းနေသည်။ဟန်လင်းဘုရင်၏ နားနေဆောင်သည် စန္ဒကူးသားတို့ဖြင့် ဆောက်လုပ်ထားသောကြောင့် စန္ဒကူးရနံ့တို့ဖြင့်သင်းပျံ့နေသည်။နားနေဆောင်၏ အရှေ့တွင်လည်း စံပယ်ပန်း တစ်မျိုးတည်းကိုသာ စိုက်ထားသဖြင့် ဖွေးဖွေးလှုပ်နေသော စံပယ်ဖြူတို့၏ ရနံ့သည် လေအဝှေ့တွင် နားနေဆောင်တစ်ဝိုက် ဝေ့ဝဲလျက်ရှိပေသည်။

" အရှင်မင်းမြတ်ဘုရား အတိုင်ပင်ခံအမတ်ကြီး တွေ့ခွင့်တောင်းနေပါတယ်ဘုရား"

အထိန်းတော်၏ အသံကြောင့် သလွန်ညောင်စောင်းထက်တွင် လဲလျောင်းနေရာမှ ထိုင်လိုက်သည်။

" ဝင်ခိုင်းလိုက်ပါ"

အတိုင်ပင်ခံ အမတ်ကြီးသည် ခြောက်ဆယ်ကျော်ပင်ဖြစ်သော်လည်း သန်မာပြီး တက်ကြွနေဆဲပင်။‌မှေးကျဉ်းနေသော မျက်လုံးများက လူတိုင်းကို မယုံကြည်ဟန် ပေါ်လွင်နေပေသည်။မီးခိုးရောင်‌သန်းနေသော ဆံပင်တို့ကို ထိပ်အလယ်တည့်တည့်တွင် ထုံးဖွဲ့ထားသည်။ယောက်ျားပီသဟန် ကြံ့ခိုင်သော ကိုယ်ထည်လည်းရှိသည်။အတိုင်ပင်ခံ အမတ်ကြီးသည် ဘုရင်မင်းမြတ်ကို အရိုအသေ ပေးလိုက်ပြီး သင့်တော်ရာတွင် ထိုင်လိုက်သည်။

" အချိန်အခါမဟုတ် ဘာများ လျှောက်တင်မလို့ပါလိမ့် အမတ်ကြီး"

" အရှင်မင်းကြီးရဲ့ အရိုက်အရာ ထီးနန်းနဲ့သက်ဆိုင်တဲ့ ကိစ္စပါဘုရား.. ဘုရားကျွန်တော်မျိုးကို အထင်အမြင်လွဲမှားပြီး ရာဇသံပေးရင်လည်း ခံပါမယ်... အရှင်မင်းကြီးရဲ့ အကျိုးကို လိုလား၍  ကိုယ်ကျိုးမငဲ့ပဲ လျှောက်တင်ရခြင်း ဖြစ်ပါတယ်ဘုရား.."

အတိုင်ပင်ခံအမတ်ကြီးသည် ထ်ိုသို့ လျှောက်တင်ပြီးသည်နှင့် ကြမ်းပြင်ပေါ်လက်နှစ်ဘက်နှင့် နှဖူးကို အပ်ကာ အရိုအသေပေးလိုက်သည်။

ကွယ်နေသော မျက်‌နှာပေါ်မှ မဲ့ပြုံးကိုတော့ မည်သူမှ မမြင်လိုက်ပေ။

" စကားပလ္လင်ခံမနေပါနဲ့ အမတ်ကြီး။ ရဲရဲသာ လျှောက်တင်ပါလေ.."

လွမ်းမောစရာ ခေတ်ဟောင်းမြေ (လွမ်းမောစရာ ခေတ်ဟောင်းမြေ)Where stories live. Discover now