*၇* အုပ်စုဖွဲ့ပြီးအနိုင်ကျင့်နေတယ်

224 24 4
                                    

၇။ အုပ်စုဖွဲ့ပြီးအနိုင်ကျင့်နေတယ်

မနက်ခင်းက နှင်းရည်ပက်ဖြန်းထားတာကြောင့် နေရောင်ထွက်လာတဲ့အခါ နန်းတော်တခွင်လုံး ပယင်းလုံးလေးတွေ စီချယ်ထားသလို နွေးထွေးတောက်ပနေတယ်။ ရာသီဉတုက အေးတယ်လည်းမဟုတ်၊ ပူတယ်လည်းမဟုတ်။နေလို့ကောင်းတယ်ဆိုရုံ ခပ်နွေးနွေးလေး။

ပင်နီနီရဲ့အပွင့်တွေ၊ ရွက်ခြောက်တွေက သန့်ရှင်းရေးအလုပ်သမားတွေ ရှင်းမကုန်နိုင်လို့ လမ်းမတွေပေါ်ကျနေပြီး ပတ္တမြားကောဇောခင်းထားသလို မျက်စိပဒဿဖြစ်စေတယ်။

အိမ်ရှေ့စံက မနက်အစောကြီး မိုးမလင်းခင်ကတည်းက နိုးနေတာဖြစ်တယ်။ ကျင့်သားရနေတဲ့ မျက်လုံးတွေက ပြန်ပိတ်လို့မရတာကြောင့် ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ကိုဆင်းလာတယ်။

အိမ်ရှေ့စံက ရှုပ်ရှုပ်ရှက်ရှက်တွေ မကြိုက်ဘူး။ ဒါကြောင့် သူနေတဲ့အပေါ်ဆုံးထပ်ကို အလုပ်သမတွေလာရောက်ခွင့် တားမြစ်ထားတယ်။ အလုပ်သမားတွေကိုလည်း သန့်ရှင်းရေးလုပ်တဲ့အချိန်လောက်ပဲ လာခွင့်ပြုတာမလို့ မနက်ခင်းဝေယျာဝစ္စတွေကို သူ့ဟာသူပဲ ပြီးစီးအောင် အကုန်လုပ်တယ်။ ပြီးတော့ မနက်စာစားဖို့ ဆင်းလာတယ်။

*****

ကနုတ်ပန်းပုတွေ စီချယ်ထားတဲ့ ကျောက်လှေကားကဆင်းလာတဲ့ အိမ်ရှေ့စံက မိုးပေါ်ကဆင်းလာတဲ့ မိုးကျရွှေကိုယ်လိုပဲ။ ခံညားတည်ငြိမ်ပြီး အသရေတင့်လွန်းတယ်။

အနက်ရောင်ဝတ်စုံကြောင့် ဂျုံရောင်အသားအရည်က ကြည်လင်ပြီး ယောက်ျားဆန်တယ်။ သန့်ရှင်းတဲ့မျက်နှာပေါ်မှာ ဘာအမွေးအမျှင်မှရှိမနေဘဲ ဆံပင်တွေကိုလည်း သေသေသပ်သပ် ဖီးသင်ထားတယ်။ ၂၀ကျော်လူငယ်လေးဆိုပေမဲ့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျတ်ပြီး ထည်ဝါလွန်းတယ်။

အိမ်ရှေ့စံ ဆင်းလာတာမြင်တော့ အိမ်တော်ထိန်းကြီး ယောလ်ဘာဘာက အရိုအသေပေးပြီး နှုတ်ဆက်တယ်။

"နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်ပါရဲ့လား သခင်လေး"

"အင်း"

"မနက်စာရော သုံးဆောင်ပါတော့မလား"

"ရေပန်းဉယျာဉ်နား ယူလာပေးမလား"

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်Where stories live. Discover now