*၈* ခရမ်းစွဲကိုရှာတွေ့ပြီ

167 17 0
                                    

၈။ ခရမ်းစွဲကို ရှာတွေ့ပြီ

တံခါးနောက်မှာ ရပ်နေတဲ့လူက လူမဟုတ်ဘူး။ အပူလောင်ဆုံး မီးတောင်ချော်ရည်တွေကနေ မွေးဖွားလာပြီး ရက်စက်ခြင်းနဲ့အလှတရားကို ယှဉ်တွဲထားတဲ့ ပြယုဂ်တစ်ခု။ နှိုင်းမြစ်ဒေသက မြွေဟောက်လိုအလှနဲ့ အန္တရာယ်များတဲ့ သက်ရှိနတ်ဘုရားမပဲ ဖြစ်တယ်။

ငွေမှင်ရောင်ဆံနွယ်တိုတွေနဲ့ နှင်းဆီသွေးရောင်နှုတ်ခမ်းနီကို ဆိုးထားတယ်။ ဓားရှည်တစ်ချောင်းကို ကျောပေါ်တင်လို့ နောက်တစ်ချောင်းကို လက်ကကိုင်ထားရင်း ထီမထင်သလိုမျက်နှာဘေးနဲ့ ရပ်နေတာကြောင့် လူတိုင်းက ညှို့ယူခံလိုက်ရသလို ရပ်တန့်ကုန်ကြတယ်။

သူမကိုကြည့်ရတာ အရက်မူးနေသလိုပဲ။ ဝင်းမွတ်ကြည်စင်နေတဲ့ မျက်နှာနုနုက မက်မွန်ပွင့်ရောင်တောက်နေပြီး ဒရယ်ပျိုလိုမျက်လုံးသွယ်တွေက ရီဝေဝေနဲ့ဖြစ်တယ်။

ပြီးတော့ ကြည့်ခံရတဲ့လူကိုပါ ပူလောင်လာစေတဲ့ အကြည့်တွေနဲ့ သူရှိရာလှည့်ကြည့်လာပြီး

"တို့ ဝင်မပါချင်ပါဘူးနော်။ တို့ဆီမှာ အချိန်ကောင်းလေးပိုင်ဆိုင်နေတုန်း အပြင်ကအရမ်းဆူနေလို့ ဒီအတိုင်း ထွက်ကြည့်တာ"

လူ၄ယောက်လောက်ကို ဓားနဲ့ဦးအောင်ပိုင်းပြီးမှ ဒီအတိုင်း ထွက်ကြည့်တာတဲ့။ မဆီလျော်လိုက်တာလို့ တွေးနေတုန်းရှိသေး သူမဆီက စကားသံထပ်ထွက်လာတယ်။

"ကောင်ချောလေးကို ဝိုင်းအနိုင်ကျင့်နေတာနဲ့... အဟိ"

ပြောပြီး ကိုယ့်ဟာကိုယ် သဘောကျနေပုံရတာကြောင့် မျက်နှာကပြုံးစေ့စေ့ဖြစ်နေတယ်။ မျက်လုံးတွေကတော့ ဖွင့်နိုင်ပုံပေါ်မပေါဘူး။ အနည်းငယ်ဖရဲဖရဲဖြစ်နေတဲ့ အဝတ်အစားနဲ့ ဆံပင်ပုံစံတွေကြောင့် တကယ်ကိုအချိန်ကောင်းတွေ ပိုင်ဆိုင်နေမှန်း ခန့်မှန်းကြည့်လို့ရတယ်။

အခန်းထဲလှမ်းဝေ့လိုက်တော့ ကြောက်လို့ပုန်းနေတာလား၊ မူးပြီးမှောက်နေတာလားမသိတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် နှမျောတသဖြစ်သလို ခံစားလိုက်တယ်။ ဒါပေမဲ့ အပြင်ဘက်က တရွေ့ရွေ့ရှေ့တိုးလာနေတဲ့ လူအုပ်ကြောင့် သူ ဒီအမျိုးသမီးကို အပြင်ထွက်မလာစေချင်ဘူး။

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်Where stories live. Discover now