~၄~

417 59 0
                                    

စက္ကန့်တံလေးတွေ တဖြည်းဖြည်းရွေ့လျားသွားတဲ့အခါမိနစ်တွေဖြစ်လာသလို တစ်စက္ကန့်ချင်း ကုန်သွားသည့် အခိုက်အတန့်တွေမှာ ဧရာဝတီ၏ရေပြင်ကျယ်ကို ငေးမောရသည်မှာ မိန်းမောစရာပင်၊ ည၏အကျင့်သည် ထိုသို့ရှိ၏ လှပသည့်ရှု့ခင်းတွေပဲဖြစ်စေ လူပဲဖြစ်စေ ငေးမိသွားသည့်အခါ မိန်းမောသွားတတ်၏။

တဖြည်းဖြည်းချင်းနေမွန်းတည့်လာသော်လည်း စက်လှေတစ်စီး နှစ်စီးမှလွဲ၍ လူသူကင်းရှင်းလှသည့် မြစ်ပြင်ကျယ်နှင့် စိမ်းစိုစိုကမ်းပါးတွေကြောင့် ပူသည်ဟုပင်သိပ်မထင်ရပေ၊ နွေရာသီမြစ်ရေသည် နောက်ကျိခြင်းမရှိလှသော်လည်း မြစ်တို့၏ထုံးစံအရ သိပ်တော့လည်းမကြည်ပေ။

"မြစ်ရေကသိပ်မကြည်ဘူးနော်"

"ရွှေကျင်တာတွေများလာလို့လေ မေခမလိခတောင် ရေမကြည်တော့ဘူး"

"မရှိလို့လုပ်စားကြတဲ့နေရာမှာ အသိတရားလေးတွေကပ်ကြရင်သိပ်ကောင်းမှာပဲ ဒါပေမဲ့လည်း ဒါက ဘယ်လိုပြောရမလဲ ထိပ်ပိုင်းကတည်းကမကောင်းလာတာဟာ အောက်ပိုင်းထိဆိုတော့ အသိဉာဏ်နည်းပါးတာမဆန်းပါဘူးလေ"

"အိုး အဲ့ဒါဘာတံတားလဲ"

"စင်းခန်းတံတား"

စိမ်းညှို့နေသည့်တောင်တွေကိုနောက်ခံထားလျက် မြစ်ဧရာကိုဖြတ်ဆောက်ထားသော တံတားရယ်၊ ပြာလွင်လွင်ကောင်းကင်မှာ ဖြူလွှလွှ တိမ်းပါးတွေရယ် တငြိမ့်ငြိမ့်စီးဆင်းနေသည့်မြစ်ရေရယ် ပြီးတော့ အနားက တည်ငြိမ်အေးချမ်းစွာတည်ရှိနေသည့်နွေရယ် အရာအားလုံးဟာ အေးချမ်းမှုကိုခံစားရ၏။

"ဒါကမြစ်ကျဉ်းအစပဲလေ ဒါကျော်ပြီးရင် ဒုတိယမြစ်ကျဉ်းကိုရောက်ပြီ"

နွေပြောပြီးလို့ မဆုံးခင်မှာပဲ အောက်ထပ်က "မြစ်ကျဉ်းစဝင်ပြီဟေ့" ဆိုသော အော်သံကိုကြားလိုက်ရ၏။ နွေကတော့စင်းခန်းတံတားနှင့် တောင်တန်းတွေကိုဓာတ်ပုံရိုက်ယူလိုက်သည်။

"မြစ်ကျဉ်းကသုံးခုရှိတာဆို ဟုတ်လား နွေ"

"အင်း အရပ်စကားမှာတော့ သုံးခုလို့ပြောကြတယ် ဒါပေမဲ့ တကယ်ကငါးခုရှိတယ်
ဖလော်ရီဒါမှတ်တမ်းမှာ ဧရာဝတီအကြောင်းမှတ်တမ်းတင်ထားတယ် ကိုလိုနီခေတ်ကရေးထားတာဆိုတော့အခုခေတ်နဲ့ယှဉ်ရင် မြစ်ကြောင်းကြောင့်အနည်းငယ်ပြောင်းလဲနိုင်တာရှိပေမဲ့ အဲ့ဒီစာအုပ်ကတကယ်ကောင်းတယ် အချိန်ရရင်ဖတ်ကြည့်ကြည့်"

Summer NightWhere stories live. Discover now