~၁၁~

481 73 0
                                    

အိပ်ခန်းထဲတွင် ဖယောင်းတိုင်မီးထွန်းလင်းညှိထားသော်လည်း လျှပ်စစ်မီးရောင်များနှင့်ခြားနားစွာ အလင်းရောင်ဟာ မှိန်ဖျော့ဖျော့၊ မှုန်ဝါးဝါး။ သို့သော် သင်းပျံ့နေသည့် ဖယောင်းတိုင်၏ရနံ့ဟာ ဖွင့်ထားပြတင်းပေါက်ဆီက ညှင်ညှင်သာသာလေပြေအဝှေ့ဆီမှာ ပျော်ဝင်သင်းပျံ့လျက်။ ကုတင်ကျယ်ပေါ်မှာ လှဲလှောင်နေရင်း မှုန်ဝါးဝါးမြင်နေရသည့်မျက်နှာကျက်မှာ ထင်နေသောအရိပ်တွေဟာလည်း ယိမ်းနွဲ့လျက်။

ည၏နံဘေးတွင်လှဲလှောင်းလျက်ရှိသော နွေ၏အနွေးဓာတ်ဟာလည်း ညဆီမှာပြန့်နှံ့လျက်။ ခပ်ဖျော့ဖျော့ရသည့် ကိုယ်သင်းရနံ့ဟာလည်း ယစ်မူးဖွယ်၊ စောစောကနှင့်မတူဘဲ နွေ၏မျက်နှာထက်တွင် ဝမ်းနည်းခြင်း အရိပ်အယောင်တို့ပျောက်ဆုံးကာ မြင်နေကြဖြစ်သည့် တည်ငြိမ်အေးဆေးရင့်ကျက်မှုက အစားထိုးလျက်။

ဘာပဲဖြစ်ဖြစ် နွေ၏ဒဏ်ရာအတိမ်အနက်ကို ညခန့်မှန်းမိလိုက်တာကြောင့် နွေရဲ့လက်ဖမိုးတွေကို အသာအယာပုတ်ပေးရင်း နှစ်သိမ့်ပေးနေခဲ့မိ၏။ နွေဘဝ၏အရေးကြီးဆုံးသော လူနှစ်ယောက်ဟာ ပျောက်ကွယ်သွားပြီဖြစ်သည့်အတွက် နွေဘယ်လောက်ဝမ်းနည်းနေခဲ့သလဲ၊ ဘယ်လောက်ထိတည်ငြိမ်အောင်ကြိုးစားခဲသလဲဆိုတာ ညကိုယ်ချင်းစာမိသည်။ တည်ငြိမ်မှုတွေအောက်မှာ နက်ရှိုင်းသည့်ဝမ်းနည်းမှုတွေကို ဖုံးကွယ်ထားသည့် နွေဟာ ဘယ်လောက်တောင်ခက်ခဲနေလိုက်မည်နည်း။

တချို့ကိစ္စတွေဟာ ပါးစပ်ကနေထုတ်ပြောပြီး နှစ်သိမ့်ပေးဖို့မလိုတာကြောင့် ည ငြိမ်ငြိမ်လေးနှင့်အနားမှာရှိနေကြောင်း နှစ်သိမ့်ပေးခဲ့တာပင်။

"မနက်ဖြန်ဆို နှစ်ဆန်းတစ်ရက်နေ့ နွေသိလား မွန်ပြည်နယ်ဘက်မှာတော့ နှစ်ဆန်းတစ်ရက်နေ့အထိရေပက်ကြတာ"

"ရောက်ဖူးတယ်လား"

"အင်း သူငယ်ချင်းတစ်ယောက်အိမ်ကို အလည်လိုက်သွားဖူးတာ နွေ သင်္ကြန်ထမင်းရောစားဖူးလား ထမင်းကိုရေဖျော်ပြီး ငါးခြောက်ထောင်းကျော် မုန့်လာဥချဉ်နဲ့စားကြတာ"

"ကြားဖူးတယ်"

"ည စစစားချင်းတုန်းကဆို တကယ်မကြိုက်ဘူးသိလား နွေစဉ်းစားကြည့် ထမင်းကိုရေနဲ့ဖျော်ထားတာကြီးက ဘယ်လိုပြောရမလဲ တကယ်ကိုအရသာမရှိတာ ဒါပေမဲ့ နှစ်ရက်လောက်စားပြီးတော့ ပါးစပ်ထဲမှာသူ့အလိုလိုကောင်းလာတာ အခုကြတော့ သင်္ကြန်ထမင်းကို ကြိုက်တဲ့အဆင့်ထိပါရောက်သွားရော ဘာလို့ထင်လဲ"

Summer NightWhere stories live. Discover now