~၇~

459 61 0
                                    

မနက် ၆ နာရီခွဲခန့်တွင်တော့ သင်္ဘောတစ်ခုလုံး လူစုံတက်စုံနိုးလာကြပြီဖြစ်၏။ မနက်စာကိုတော့ ကသာမြို့ထဲတွင်ပဲစားကြမည်ဟုဆိုကာ သင်္ဘောပေါ်တွင်မစားကြတော့၊ ၆ နာရီခွဲကျော်ကျော်တွင်တော့ စက်လှေကလာကြိုလေသည်။ စက်လှေပေါ်တက်ပြီး နွေနှင့်အတူ ရှေ့ဆင့်နောက်ဆင့်ထိုင်လိုက်ကာ နွေ့ရဲ့လက်မောင်းကို အနောက်ကနေပိုင်စိုးပိုင်းနင်းချိတ်ထားလိုက်၏။

အာရုဏ်ဦးနှင့် မနက်ခင်းတွင်တော့ ရာသီဥတုကမဆိုသလောက်လေးအေးတာကြောင့် ဂျင်းလက်ရှည်အပါးတော့ဝတ်ထားရသလို နေပူလာချိန်တွင်လည်း နေရောင်ကာပြီးသားဖြစ်သည်အပြင် ရေပက်လျှင်လည်း ကာကွယ်ပေးနိုင်တာကြောင့်မို့ အဆင်ပြေ၏။ အာရုဏ်ဦးကနေအရှေ့ယွန်းယွန်းမှနေထွက်လာသည်အထိ နွေနှင့်အတူရပ်ကြည့်ခဲ့သော မနက်ခင်းဟာ
ကြည်လင်မှုအပြည့်ပင်။

စက်လှေခုတ်မောင်းနေစဉ် မြစ်ရေပြင်ထဲကို လက်ထိုးကြည့်တော့ အေးစက်နေသည့်အထိအတွေ့ကိုခံစားရ၏။ ည သဘောကျစွာပြုံးလိုက်ပြီး နွေ့ရဲ့လက်ကိုလည်းဆုပ်ကိုင်ကာ မြစ်ရေပြင်ထဲကိုဆွဲနစ်လိုက်၏။ ညကိုလှည့်ကြည့်လာသော နွေ၏အကြည့်တွင် ကလေးဆန်လိုက်တာဟုဆိုချင်နေသော်လည်း သူမ၏လက်ကိုတော့ နွေကပြန်မရုတ်သိမ်းခဲ့ပေ။ ရေထဲတွင် အတူတူနစ်ထားရင် ရေစီးကြောင်းကို ခံစားရနေတာဟာ အတူတူလက်တွဲပြီး ရေဆန်ကိုချီတက်နေရသလိုမျိုးပင်။

သင်္ဘောဆီကနေ ဆိပ်ကမ်းကိုရောက်ဖို့ စက်လှေဖြင့် ဆယ်မိနစ်ခန့်မောင်းရ၏။ မနက်စောစောရဲ့ ဧရာဝတီမှာ တံငါလှေတွေများပြားလှသလို ငါးကြီးငါးငယ်အသွယ်သွယ်ကိုပိုက်တန်းထားသော ပိုက်ကနေယူငင်နေကြတာကိုလည်းတွေ့ရ၏။ ဆိပ်ကမ်းကိုကပ်သည်နှင့် ညတို့ကိုလိုက်ပို့မည့် သုံးဘီးကအဆင်သင့်စောင့်နေ၏။
လူဆယ််နှစ်ယောက်ဆိုတော့ သုံးဘီးနှင့်က အနည်းငယ်တော့ကျပ်နေ၏။ ဆိပ်ကမ်းတွင်လည်း သင်္ကြန်မဏ္ဍပ်များကိုများသွာတွေ့ရ၏။ စောသေးတာကြောင့် ရေတော့မပက်ကြသေးပေ။

သုံးဘီးသမားကတော့ တရစပ်ပင် မြို့အကြောင်းရှင်းပြတော့၏။ကိုလိုနီခေတ်လက်ကျန် သင်္ဘော သင်္ချိုင်းဖြစ်ခဲ့တဲ့အကြောင်း ၊ အကောင်းဆုံးကျွန်းသစ်တွေ ထွက်သည့်အကြောင်းနှင့် ကမ္ဘာကျော်စာရေးစရာကြီး ဂျော့အိုဝဲ၏နေအိမ်အကြောင်း၊ ကိုလိုနီခေတ်ရဲ့လက်ကျန် အရေးပိုင်အိမ်တွေနှင့်အစားအသောက်တွေအကြောင်း စုံနေအောင်ပြောတော့သည်။

Summer NightWhere stories live. Discover now