Beyond Hatred:6

199 39 123
                                    

“သနားစရာ ကလေးလေး။မိဘတွေရဲ့ ရန်ပွဲကြား ခမျာ ဘယ်လောက် အားငယ်ရှာမလဲ။ကြားညပ်ရရှာမလဲ။ပင်ပန်းရှာမလဲ”

သားမျက်နှာကလေး စွေးစွေးနီသည်။ဖြူလျော်လျက်ရှိသော နှုတ်ခမ်းပါးကလေးများ တစ်စုံတစ်ရာကို တနေရော့သလား...အသံမထွက်ပါဘဲ လှုပ်အဲ့ လှုပ်အဲ့ ရှိ၏။ဝေဒနာကြောင့် သေအံ့မူးမူး ခံစားရသူနှယ် သား၏မျက်ခုံးကလေးများ၊နဖူးကြောကလေးများ ကုတ်လှသည်။အသက်ကို မျှင်းမျှင်းရှိုက်ရှူနေ၏။ထည့်ထားမိသော လက်သီးစုပ်ကလေးအတွင်းက ကိုယ့်လက်ညှိုးမှာ ကြပ်တင်းလျက် မြဲမြံနေသည်။ဘုရား ဘုရား...ဘယ်လောက်တောင်များ ကိုယ့်ကလေးလေး ထိတ်လန့်သွားရပါသလဲ။ကြောက်လန့်သွားရပါသလဲ။မေ့မျောနေသော နာရီပိုင်းအတွင်းမှာပင်လျှင် သား မျက်နှာအမူအရာကလေးများ ရှုံ့လျက် တွန့်လျက် ရှိုက်သံသဲ့သဲ့ထွက်လျက် အသက်ရှုသံပြင်းလျက် ကယောင်ကတမ်းရေရွတ်လျက် ကမ္ဘာပျက်လှပါလား။ဒီလူ့လက်ထဲ ကလေးကို စိတ်ချလက်ချ ထည့်ထားမိတာ ကိုယ်မှားပြီထင်သည်။အမှားကြီးမှားပြီ။ဘယ်လို ခြိမ်းခြောက်မှုတွေနဲ့များ...ဘယ်လို စိတ္တဇဆန်ဆန် အပြုအမူတွေနဲ့များ ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက် ဖခင်မေတ္တာငတ်နေရှာသော ကလေးတစ်ယောက်ကို ဖခင်အရင်းနှင့် ကင်းကွာအောင်ထားဖို့ ဒီလူ ကြံစည်ခဲ့သလဲ။

“ဒယ်ဒီရယ် သားမှားပါတယ်။ဒယ်ဒီ မသိအောင်ပဲဖြစ်ဖြစ် အသိပေးပြီးပဲဖြစ်ဖြစ် ပါပါးနဲ့ နောက်မတွေ့တော့ပါဘူး။ပါပါး အဟွတ် ပါပါးကို လွှတ်...လွှတ်လိုက်ပါနော် အဟွတ် သား သားအသက်ရှူကြပ်လို့ပါ။မတွေ့နဲ့ဆို တကယ်ကြီးမတွေ့တော့ပါဘူး။ပါပါး နာနေပြီ နာနေပြီမို့လို့ လွှတ်ပေးလိုက်ပါတော့။ပါပါးက ဒါတွေ မသိပါဘူး သား သားအပြစ်ပါ”

မပီဝိုးတဝါး ပလုံးပထွေး သားက ထိတ်လန့်တကြား ရေရွတ်နေသည်။ဖက်ထားသည်ကလွဲ၍ သားကို ကိုယ်လောက်လောက်လားလား ဘာမှလုပ်မပေးနိုင်။ဒေါက်တာက တစ်ညခင်းလုံး အိပ်ရေး၀၀အိပ်ပါစေဟုဆိုကာ အားဆေးတစ်လုံး ထိုးပေးသွား၏။အိပ်နေရင်း သားခန္ဓာကိုယ်မှာ ရုတ်တရက် ပူခြစ်လာရာ ရေပတ်၀တ်တိုက်ပေးပြီး သားခုတင်ဘေး ည၀က်နီးနီးရှိနေရင်း စိတ်က မအေးနိုင်။စိတ်ငြိမ်အောင် ဘုရားစာလေးရွတ်လိုက်၊သား ကိုယ်အပူချိန်ကို တိုင်းလိုက်၊ရေပတ်၀တ်တိုက်ပေးလိုက်၊ပလုံးပထွေး ထိုသို့ရေရွတ်လေတိုင်း သားဘေးလှဲမှီပြီး သားကိုယ်ကို ရင်ခွင်ထဲ ဖက်ထွေးထည့်လိုက်ဖြင့် ကိုယ့်မျက်စိများလည်း နေနှင့်ညမှားပြီထင်။အိပ်ချင်စိတ် တစ်စက်မရှိ လုံးလုံးကြောင်နေသည်။

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now