သူနှင့်နိုင်ငံရေး

35 2 0
                                    


သူနှင့်နိုင်ငံရေး
**********
ဆရာတာရာမင်းဝေက အရင်က နိုင်ငံရေးဘက်ကို အားသန်ခဲ့တဲ့ သူတစ်ယောက်ပါ။ သူ့မှာ နိုင်ငံရေးစိတ်ဒါတ် ဘယ်လိုရှိတယ်ဆိုတာကို သူ့ကဗျာတွေကနေတစ်ဆင့် အခိုင်အမာတွေ့ရှိနိုင်ပါတယ်။

"ငါတို့ ကျောင်းတော်ကြီးရဲ့
မော်ကွန်း ထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစ်ချို့ ထုဆစ်နေကြတယ်။"
(ကျောင်းဖွင့်ချိန်ကဗျာမှ)

ဆိုလိုတာက သူတို့ရဲ့ကျောင်းတော်ထဲမှာလည်း အာဏာရှင်တွေရှိနေတာကြောင့် ကျောင်းသားတွေ မလွတ်လပ်ရကြောင်းကို ပြောချင်တာပါ။
ဆရာတာရာမင်းဝေဟာ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံကြီးမှာ ကျောင်းသားတစ်ဦးအနေနဲ့ တတ်ကြွစွာ ပါဝင်လှုပ်ရှား ခဲ့ပါတယ်။ ဒါအပြင် ၁၉၈၈ ဒီဇင်ဘာ ဗကသများအဖွဲ့ချုပ်မှာ ဗဟိုကော်မတီဝင်တစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို နိုင်ငံရေးလှုပ်ရှားမူကြောင့် ၁၉၉၀ကနေ၁၉၉၄ခုနှစ်အထိ အကျဉ်းချခံရတဲ့အပြင် ၂၀၀၅ခုနှစ် ၊ မေလမှာလည်း မိသားစုနဲ့အတူ ယာယီ အထိန်းသိမ်းခံခဲ့ရပါတယ်။ အဲလို နိုင်ငံရေးလုပ်ခဲ့စဉ်မှာ သူဟာ အင်းစိန်ထောင်၊ သရက်ထောင်၊ သာယာဝတီထောင်တို့မှာ အကျဉ်းကျခံခဲ့ရပါတယ်။
အဲဒီအရေးအခင်းကာလမှာပဲ ရွှေဘုန်းလူအမည်နဲ့ ကျောင်းဖွင့်ချိန်ကဗျာကို ရေးခဲ့ပါတယ်။ သူ ထောင်ကထွက်လာပြီးနောက် တာရာမင်းဝေကလောင်အမည်ကို ခံယူပြီး စာရေးဆရာ၊ ကဗျာဆရာတစ်ဦးအဖြစ် စာပေလောကမှာ ရပ်တည်ခဲ့ပါတယ်။ အဲဒီ တာရာမင်းဝေဆိုတဲ့ ကလောင်အမည်ဟာ သူအကိုရဲ့ ကလောင်ပါ။ သူနဲ့အတူ သူ့အစ်ကိုပါ နိုင်ငံရေးကိစ္စကြောင့် အချုပ်ထဲရောက်နေချိန်မှာ သူအကိုဆီကနေ ထိုကလောင်ကို သူကတောင်းခံခဲ့တာပါ။ သူ့အစ်ကိုကလည်း သူ့အတွက် အဲဒီကလောင်ကို ကျေကျေနပ်နပ် စွန့်လွှတ်ပေးခဲ့ပါတယ်။ ဆိုရရင် ဒီနေရာမှာ  သူဟာ နိုင်ငံရေးကို ဘယ်လောက်ဝါသနာပါခဲ့ကြောင်းကို ဖော်ထုတ်ပြချင်တာပါ။ ဒါကို သူရဲ့ ကျောင်းဖွင့်ချိန်ကဗျာက အကောင်းဆုံးသက်သေခံနေပါတော့တယ်။

( တို့အရေး..တို့အရေး..
.တို့အရေး....တို့အရေး..
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တဝုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ ကျောင်းတော်ကြီးဟာ
တလဲ့လဲ့...တဝင်းဝင်း
သွေးနီရောင် တောက်ပခါ
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမ္ဗာန်ကြီးပမာသာ တည်ရှိနေပါတော့တယ်။)
(ကျောင်းဖွင့်ချိန်ကဗျာမှ)

ဒါက အကောင်းဆုံးသက်သေပါပဲ။ ဒီကဗျာထဲမှာ သူရဲ့ တဟုန်းဟုန်းတောက်နေတဲ့ နိုင်ငံရေးစိတ်ဓာတ်ကို မြင်တွေ့ရပါတယ်။ ကျောင်းသားအားလုံးရဲ့ အရေးဟာ သူ့အရေးပါလို့ ခံယူထားကြောင်း ထင်ရှားနေစေခဲ့ပါတယ်။

("ကျောင်းသားလက်တွေ
သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့တံဆိပ် တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍာန်သာဖြစ်တယ်။) (ကျောင်းဖွင့်ချိန်ကဗျာမှ)
.
သူက နိုင်ငံရေးသမားတွေရဲ့ ထုံးစံ
အတိုင်း ဒီမိုကရေစီကို မြတ်နိုးခဲ့ပါတယ်။.

(ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျောချကြည့်ရင်
နူတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ...မို...က...ရေ....စီ
ဒီမိုကရေစီလို့.....ဆိုလိမ့်မယ်။) (ကျောင်းသားအတ္ထုပ္ပတ္တိကဗျာမှ)

သူက ဒီမိုကရေစီကို ဘာကြောင့်မြတ်နိုးရသလဲဆိုတော့ သူရဲ့ ကျောင်းသားဘဝမှာ ကျောင်းသားတွေဟာ အစိုးရရဲ့ ဖိနှိတ်မူကို ခံစားခဲ့ကြရလို့ပါပဲ။ ဒါကြောင့် သူဟာ ကျောင်းသားဘဝရဲ့ လွတ်လပ်ရခြင်းအရသာကို သူခံစားလိုခဲ့ပါတယ်။ ဒီအတွက်ပဲ သူဟာ နိုင်ငံရေးကို လုပ်ဆောင်လာခဲ့ပါတယ်။

(ညီလေးရေ....
ရာဇဝင်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ "အိပ်" တော့နော်။) (ကျောင်းသားအတ္ထုပ္ပတ္တိကဗျာမှ)

ယုံကြည်ချက်တွေနဲ့ သူလုပ်ဆောင်ခဲ့တာပါ။ သူ့ကဗျာတွေထဲမှာ သူရဲ့ နိုင်ငံရေး စိတ်ဓာတ်တွေက မီးဟုန်းဟုန်းတောက်နေပါတော့တယ်။

(ဒီဘက် ကမ္ဘာခေတ်ရဲ့
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ပြည်က ကျောင်းသားအလောင်းတွေမှာ ရှိတယ်။)
(ဥဒါန်းကဗျာမှ)

သူယုံကြည်ထားတဲ့အတိုင်းပါပဲ။ နိုင်ငံရေးထဲမှာ သူ့သမိုင်း ကြောင်းဟာ ကောင်းခဲ့ပါတယ်။ သူလုပ်ဆောင်ခဲ့မူဟာ တစ်ထောင့်တစ်နေရာမှာ အမြဲသစ်လွင်နေခဲ့ပါတယ်။ အဲဒီနေရာတွေမှာ သူ့နာမည်ကို ပုံစံအမျိုးမျိုးနဲ့ ရေးထိုးထားကြပါတော့တယ်။ သူဟာ အတိတ်က ကျောင်းသားတွေရဲ့သမိုင်းမှာ မေ့မရနိုင်ခဲ့တဲ့ အလံဖြူတစ်လတ်ဆိုတာ.. သမိုင်းမှာ ရေးထိုးပြီးသားပါ။

တာရာမင်းဝေအားလေ့လာခြင်းWhere stories live. Discover now