Episode - 1

8.7K 450 76
                                    

(Zawgyi)

Daewon အထက်တန်းကျောင်းရဲ့မနက်ခင်းက ပုံမှန်အတိုင်းပဲ များပြားလှတဲ့ကျောင်းသားများနဲ့ အသက်ဝင်နေခဲ့တယ်...။ ဒီနယ်မှာဆို Daewon အထက်တန်းကျောင်းက အောင်ချက်ကောင်းလို့ နာမည်ကြီးတယ်...။

ဒါပေမဲ့လည်း ကျွန်တော့်အတွက်ကတော့ သူလိုကိုယ်လိုပါပဲ တခြားကျောင်းတွေနဲ့သိပ်မကွာဘူးလို့ ထင်မိတယ်...။ စာမေးပွဲအောင်ချင်ရင် စာလုပ်ရမယ်လေ...။ စာမလုပ်မှတော့ ဘယ်ဘုရားမှလာမကယ်နိုင်ဘူး...။ အဲ... တစ်ခုတော့ရှိတာပေါ့...။ တကယ်လို့မိဘရဲ့နောက်ခံအင်အားက ကျောင်းအကျိုးဆောင်အဖွဲ့ဝင် ဖြစ်လာနိုင်တဲ့အထိတောင့်တင်းရင်တော့ သူတို့ရဲ့သားသမီးတွေက စာမေးပွဲကိုအေးဆေးအောင်နိုင်တာပေါ့...။

သာမန်လူလတ်တန်းစားဖြစ်တဲ့ ကျွန်တော်တို့အဖို့ကတော့ တစ်နေ့စာကိုတစ်နေ့ မှန်မှန်လုပ်ခြင်းဖြင့် စာမေးပွဲကိုအခက်အခဲမရှိ အောင်နိုင်မှာပါ...။ ပြီးတော့ကျွန်တော်က ကျူရှင်မယူဘူးလေ...။ အပေါင်းအသင်းတွေနဲ့ ပျော်ပါးလည်ပတ်ဖို့ကလည်း ကျွန်တော့်ဆီမှာ သေသေချာချာ ခင်ခင်မင်မင်ပေါင်းဖြစ်တဲ့သူ သိပ်မရှိခဲ့...။

တစ်ယောက်တည်းသင်းကွဲမဟုတ်ပေမယ့်လည်း ကျွန်တော်ကတော့ အေးအေးဆေးဆေးနေရတာကို သဘောကျတယ်...။ အတန်းတူသူငယ်ချင်းတွေနဲ့ မေးထူးခေါ်ပြောလောက်သာ စကားပြောဖြစ်ပြီး များသောအားဖြင့်ကတော့ တစ်ယောက်တည်းနေတတ်တယ်...။ တချို့ကတော့ ကျွန်တော်နဲ့လာပေါင်းကြပေမယ့် အေးတိအေးစက်နေတတ်တဲ့ကျွန်တော့်ကြောင့် သိပ်ကြာကြာမပေါင်းဖြစ်ပဲ ခပ်တန်းတန်းဖြစ်သွားတာချည်းပင်....။

အခုလည်း အတန်းချိန်မရှိတာကြောင့် ကျောင်းဆောင်ဟောင်းတွေဘက်က သစ်ပင်အောက်မှာ စာအုပ်တစ်အုပ်နဲ့ ကျွန်တော်အချိန်ဖြုန်းနေမိတယ်...။ ဒီနေရာက ကျွန်တော့်အကြိုက်ဆုံးနေရာတစ်ခုပါပဲ...။ လူသွားလူလာလည်းမရှိတာကြောင့် စာအေးဆေးကျက်လို့ရသလို အိပ်ချင်ရင်လည်း အိပ်လို့ရသေးတယ်...။

လောလောဆယ်တော့ စာကျက်စရာနည်းတာကြောင့် သစ်ပင်ကိုမှီပြီး ကျွန်တော်ခဏအိပ်စက်လိုက်တယ်...။ နောက်တစ်နာရီလောက်ဆို အတန်းတက်စရာရှိတာကြောင့် အချိန်ရတုန်းလေး ခဏအနားယူတဲ့သဘောပါ...။

Dearest (Completed) Where stories live. Discover now