Episode - 5

2.6K 325 90
                                    

(Zawgyi)

ကျောင်းမသွားရဘူးဆိုတဲ့အသိနဲ့ အိပ်ပျော်သွားလိုက်တာ မနက်၁၀နာရီထိုးခါနီးမှပဲ ကျွန်တော်နိုးလာတော့တယ်...။ ကိုယ်ငွေ့နည်းနည်းရှိနေသေးပေမယ့် မနေ့ညကလောက်တော့ မဆိုးတော့ပါ...။

ဦးကလည်းအလုပ်သွားပြီမို့ တအိမ်လုံးတိတ်ဆိတ်လို့နေတယ်...။ စိတ်ထဲညီးစီစီဖြစ်နေတာကြောင့် ရေချိုးလိုက်ဖို့ပဲဆုံးဖြတ်လိုက်တယ်...။ အဖျားတော့ပိုမတက်လောက်ဘူး ထင်ရတာပါပဲ...။

တကယ်တမ်းကျတော့ အဖျားသွေးရှိနေသေးတာကြောင့် ရေနဲ့ထိလိုက်တာနဲ့ ကြက်သီးဖြန်းဖြန်းထကာ ချမ်းလာတာကြောင့် ခပ်မြန်မြန်ပဲလက်စသတ်ကာ ထွက်လာခဲ့ရတယ်...။ အနည်းငယ်ကိုယ်လက်လှုပ်ရှားလိုက်တာကြောင့် တဂျုတ်ဂျုတ်ဆာလောင်လာတဲ့ ဝမ်းဗိုက်ကြောင့် အဝတ်အစားဝတ်ဆင်ခြင်းကို အမြန်ဆုံးလက်စသတ်လိုက်ရတယ်...။

မီးဖိုခန်းထဲမှာတော့ ကျွန်တော်စားဖို့အတွက် ဆန်ပြုတ်အိုးလေးကို အုပ်ဆောင်းလေးနဲ့အသာအုပ်ပေးထားတာ တွေ့လိုက်ရတယ်...။ အလုပ်များတဲ့ကြားက ခုလိုလေးဂရုစိုက်ပေးတော့ ကျွန်တော့်ရင်ထဲနွေးခနဲဖြစ်သွားရတယ်...။ အမေရှိခဲ့စဉ်က ရရှိခဲ့တဲ့မေတ္တာတရားတွေကိုတောင် ပြန်ပြောင်းအောက်မေ့စေတယ်...။ သွေးမတော်သားမစပ်တဲ့ သူစိမ်းဖြစ်လင့်ကစား ဦးက ကျွန်တော့်အတွက်တော့ အနှိုင်းမဲ့မေတ္တာရှင်ပါပဲ...။

ဆန်ပြုတ်အိုးဘေးမှာလည်း သူ့လက်ရေးဝိုင်းဝိုင်းနဲ့ရေးထားတဲ့ စာရွက်ပိုင်းလေးက ရှိနေပြန်တယ်...။

((ဆန်ပြုတ်ပြုတ်ထားပေးတယ်.. နွှေးပြီးစားလိုက်နော်.. ပြီးရင်ဆေးသောက်ဖို့လည်း မမေ့နဲ့ဦး.. ညနေစောစောပြန်ခဲ့ပြီး ကြက်သားစွပ်ပြုတ်ချက်ပေးမယ်))

ထိုစာရွက်ပိုင်းလေးကို ကျွန်တော်အခေါက်ခေါက်ပြန်ဖတ်ရင်း ပြုံးလို့နေမိတယ်...။ တစ်ယောက်ယောက်ရဲ့ ဂရုစိုက်ပေးတာကိုခံရတာက တကယ်ကောင်းတာပဲ...။ နွှေးထားတဲ့ဆန်ပြုတ်လေးကို တစ်ဇွန်းခပ်စားကြည့်လိုက်တော့လည်း ကျွန်တော့်အကြိုက်အရသာမို့ ကျေနပ်မိပြန်တယ်...။

Dearest (Completed) Where stories live. Discover now