အပြာရောင် အချစ်ညများအပိုင်း (18)

4.8K 282 4
                                    


အပြာရောင် အချစ်ညများ

အပြာရောင် အချစ်ညများ

အပိုင်း (18)

ကိုသစ်ပြောသည့် စကားကိုမျက်နှာမပျက်ပဲ သီဟစောနားထောင်နေသည်။ ဝေယံအောင်ကို ကိုင်ထားပြီး သူ ဘယ်လိုများအကျပ်ကိုင်မလဲဆိုတာ သိချင်နေသည်။ မိမိညီရင်းတစ်ယောက်က အကျပ်ကိုင်သည့် ပုံစံ၊ အပြောဆို၊ သူ့မျက်နှာပြင်မှာ ထင်လာမည့် အားရကျေနပ်သည့် အရိပ်အယောင်...ဒါတွေ အားလုံးကို သိချင်သည်။ ကိုသစ်ဆိုတာ မိမိလက်ပေါ်ကြီးသည့် ညီလေးဖြစ်သည်။ အမေဆုံးပြီးနောက် ဒီညီနှစ်ယောက်ကို မိမိပဲ ပြုစုပျိုးထောင်ခဲ့သည်။ ဒါပေမယ့် ကြီးလာတော့ သူ ဘယ်လိုများ မိမိအပေါ် တုန့်ပြန်သည်ကို သေချာကြည့်ချင်မိသည်။ ဒီအခြေနေ၊ ဒီအချိန်က ဘဝမှာ နှစ်ခါ ပြန်မရနိုင်သည့် အနေထားဖြစ်သည်။ ဒါကြောင့် သူ့စိတ်ထဲရှိတာ အားလုံးထွက်လာဖို့ ဆွပေးလိုက်သည်။

"ဟုတ်လား..သေချာလို့လား ကိုသစ်။ မသေချာရင် မင်း သေတာထက် ဆိုးသွားလိမ့်မယ်နော်...."

"ဟဲ..ဟဲ..ဟဲ.. သေချာရတာပေါ့ဗျာ။ မဟုတ်ရင် ကျွန်တော့်ဘ၀ အရှင်လတ်လတ် ငရဲကျသွားနိုင်တာကိုး...ငါ့ညီ..ကိုမင်း.. မင်း အင်မတန်ကို လေးစားကြည်ညိုတဲ့ ငါတို့ရဲ့ ကျေးဇူးရှင် အကိုကြီးကလေ ယောကျာ်းချင်းကြိုက်တဲ့ အခြောက်ကြီးဆိုရင် မင်းသူ့ကို ဆက်ပြီးကြည်ညို လေးစားဦးမလားကွ..."

သီဟသစ်လွင်သည် အကိုကြီး၏ စကားကို ပမာမခန့်ပြန်ဖြေပြီး အားရကျေနပ်စွာဖြင့် ကိုမင်းကို လှမ်းပြောပြလိုက်သည်။ သူ မသိသေးသည့် သတင်းကို ပြောလိုက်ရတာ ဘယ်လောက်အရသာရှိလိုက်သလဲ။ အကိုကြီးနှင့်ကိုမင်း မျက်နှာကို စေ့စေ့ကြည့်ကာ အရင်က စိတ်ကူးထဲမှာပင် မပြောရဲသည့်စကားကို ပြောချလိုက်စဉ် တကိုယ်လုံးပေါ့ပါးသွားလိုက်တာများ အချုပ်အနှောင်မှ လွတ်မြောက်သွားသူနှယ်ပင်။

သီဟမင်းထင်သည် အကိုလတ်၏ စော်ကားလွန်းသည့် စကားကြောင့် အသားတဆတ်ဆတ်တုန်လာသည်အထိ ဒေါသထွက်လာ ခဲ့သည်။ ကိုသစ်ကို ခုချက်ချင်းလည်ပင်းညစ်သတ်ချင်စိတ်တို့ ထိန်းထားသည့်ကြားကပေါ်လာခဲ့သည်။ သူမို့စော်စော်ကားကား ကျေးဇူးရှင် အကိုကြီးကို ပြောရက်သည်။

"ဟာ... ကိုသစ်... မင်း စော်ကားလွန်းနေပြီ.. မင်း ဆေးချလာတာလား...ရူူးကြောင်မူးကြောင်နဲ့ ဘာတွေလျှောက်ပြောနေတာလဲ.."
"ဆေးဟုတ်လား...ဆေးချပြီး ငါက မဟုတ်တာပြောမယ်လို့ မင်းဘာကြောင့်ထင်တာလဲ... အကိုကြီး..ခင်ဗျား သူ့ကို ဒီလိုပဲ ခေါင်းထဲရိုက်သွင်း ထားတာလား။ ကျွန်တော်က ခင်ဗျားမျက်လုံးထဲ ဆေးသမားတစ်ယောက်ထက် ပိုပြီး မမြင်နိုင်တော့ဘူးလား"

သီဟသစ်လွင်သည် ညီဖြစ်သူကို မာကျောစွာကြည့်ကာ ခွန်းတုန့်ပြန်ပြီး အကိုကြီးဖြစ်သူကို ရန်သူတစ်ယောက်လိုကြည့်ကာ မေးလိုက်သည်။ မိမိရင်ထဲမှ အမုန်းများက လွတ်ထွက်စပြုလာလေပြီ။ ဟုတ်သည်။ ညီအစ်ကိုအချစ်ဖြင့် အတင်းအုပ်ကာ ဖိနှိပ်ထားသည့် အမုန်းများ။ အရိုးစွဲအောင်မုန်းသည့် အမုန်းတရားများ။ မိမိ ဒီအမုန်းတရားတွေနဲ့ အသက်ရှင်နေရတာ ပင်ပန်းလှပြီ။

"ဟာကွာ... ငါ မင်းကို ထိုးမိတော့မယ်..ကိုသစ်။ ပါးစပ်ပိတ်ထားလိုက်စမ်း အခုချက်ချင်း ပါးစပ်ပိတ်..."
"ဟား..ဟား..ဟား... ဟိုးအရင်တုန်းကလို မင်းက ငါ့ကိုထိုးမယ်ပေါ့ ဟုတ်လား ကိုမင်း.. ငါ့ကိုကြည့်စမ်းပါ။ မင်း ထိုးတာကို ငြိမ်ခံမယ့် ဆေးသမား ငပိန်လေးပုံစံထွက်နေလို့လား..."

ကိုမင်းက မိမိညီဖြစ်လျက်နှင့် ဟိုးအရင် မိမိယင်းထစဉ်က မညှာမတာလှိမ့်ထိုးခဲ့သည်ကို ပြန်သတိရလာပြီး စူးစူးဝါးဝါးကြည့်ကာ မေးလိုက်သည်။ ဆေးစွဲတာကစွဲတာပေါ့။ မိမိကို သူမညှာမတာထိုးရဲသည်ဆိုကတည်းက အကိုကြီး သူ့ကို မည်မျှပစားပေးထားသည်ကို သိကာ အမုန်းတရားတို့စတင်ခဲ့သည်။ ညီနှစ်ယောက်ကိုပင် မျှမျှတတမဆက်ဆံသည့် အကိုကြီး။ လူယုတ်မာကြီး။ အကောင်းဆုံးဆိုတာကိုယူပြီး မိမိတို့ကို စိတ်ဓါတ်ရိုက်ချိုးကာ ခိုင်းနွားလိုသဘောထားသည့် အကိုကြီးဆိုသည့်ကောင်ကို သတ်ပစ်တာထက် ဆိုးသည့်ဘဝတွင် ထားရမည်။

"မင်း မမိုက်ရိုင်းနဲ့ ကိုသစ်။ မင်းကို အရင်က ငါထိုးခဲ့မိလို့ ငါ့ကို မုန်းတယ်ဆိုလည်း အခု ငါ့ကိုကြိုက်သလိုထိုး။ ငါတို့ရဲ့ ကျေးဇူးရှင် အကိုကြီးကို မင်းစော်ကားတဲ့အတွက် ခုချက်ချင်း တောင်းပန်လိုက်စမ်း။ အကိုကြီးသာ မှော်ထဲမှာ အသက်စွန့်ပြီး ပိုက်ဆံမရှာခဲ့ရင် မင်းနဲ့ငါ ငတ်လို့သေတာ ကြာပြီ။ မင်း အကိုကြီးကျေးဇူးတွေကို မမေ့သင့်ပါဘူးကွာ..ကိုသစ်ရာ..."

ကိုမင်းသည် အကိုဖြစ်သူ၏ အညိုးအတေးကို ကြားသိရသောအခါ စိတ်ထိခိုက်လှသဖြင့် တောင်းပန်လိုက်သည်။ ဆင်းရဲသည့်ဘဝကို အသက်ရှင်အောင် ရုန်းကန်လာနိုင်ပြီး စည်းစိမ်ပေါ်ရောက်သည့်အချိန်တွင် ရန်သူလိုစိတ်ဝမ်းကွဲမှာကို သေမလိုကြောက်လာမိသည်။ မိမိတို့တွင် မိဘမရှိတော့သော်လည်း အကိုနှစ်ယောက်ရှိသည်ဆိုသည့် အသိဖြင့် ကိုမင်း စိတ်စွမ်းအားအပြည့်နှင့် အခက်ခဲများကို ရင်ဆိုင်လာခဲ့ခြင်းဖြစ်သည်။ ယခုတော့.. မိမိ၏ ကောင်းကင် ပြိုကျလာတော့မည်ကို တွေးကာ ကိုမင်း တုန်လှုပ်လာသည်။

"သြော်..ကိုမင်း ကိုမင်း..ငါ့ညီ ငအလေး။ ငယ်တုန်းကတည်းက အကိုကြီးကို ဘုရားလို ကိုးကွယ်ခဲ့တဲ့ကောင်။ အရိုးစွဲနေပုံများ။ မင်း အကိုကြီးက ဘယ်လိုလုပ်ပြီး ငါတို့ကို ကျွေးခဲ့တယ်ထင်လဲကွ..ဟင်.. မိန်းမတစ်ယောက်ကို အမိဖမ်းပြီး ငါတို့ကို ကျွေးခဲ့တာကို ကျေးဇူးတင်နေရမှာလား..."

ကိုသစ်သည် ကိုမင်း၏ ခံစားချက်ကိုမမြင်၊ မိမိကို အကိုကြီး၏ ခြေရင်းတွင် ဝပ်ဆင်းဖို့ပဲပြောနေသည်ဟု ယူဆကာ သူ့ကို ပိုစိတ်နာအောင် ထပ်ပြောလိုက်သည်။ ကိုသစ်၏ စကားကိုကြားသော် ကိုမင်း ခေါင်းကိုသာ တွင်တွင်ယမ်းနေမိသည်။ မိမိပါးစပ်ကို တင်းတင်းစေ့ထားလိုက်သည်။ ပါးစပ်ဟမိလျှင် ကိုသစ်ကို မိုက်ရိုင်းစွာပြောလိုက်မိမှာစိုးသည်။ စကားလုံးတစ်လုံးက လေထဲကိုရောက်သွားသည်နှင့် ပြန်ရုပ်သိမ်းလို့မရတော့ပေ။ ဒါကြောင့် ဒေါသထွက်နေသည့်အချိန် စကားမဆိုမိအောင် ကိုမင်း အတင်းထိန်းနေရသည်။

သီဟစောသည် ကိုမင်း၏ ခံစားချက်ကို နားလည်သည်။ ကိုသစ်ကို လွှတ်ထားလျှင် ကိုမင်းပေါက်ကွဲတော့မည်ကို စိုးသည်။ ဒါကြောင့်လိုရင်းကို ထပ်မေးလိုက်သည်။ မိမိကို သူမုန်းသည့် အကြောင်းရင်းခံကို သိချင်သည်။

"အင်း ... မင်း ကြည့်တတ် မြင်တတ်သားပဲ ကိုသစ်။ မင်းကို ဒီလောက် အမြင်စူးရှမယ်လို့ငါမထင်ထားဘူး။ ကဲ.. မင်း ငါ့အကြောင်း နည်းနည်းလေး သိရုံနဲ့ ငါ့ကို ချုပ်ကိုင်ဖို့ တိုက်တွန်းတဲ့ မင်းရဲ့ ချူပ်ကိုင်သူအကြောင်းလေးလည်းလုပ်လိုက်ပါဦး..."

"သြော်... ခင်ဗျားကြီးက သိနေပြီကိုး။ ဒါဆိုလည်းကောင်းပါတယ်။ တခါတည်းရှင်းလိုက်တာပေါ့...ခင်ဗျားမတရားယူထားတဲ့ စည်းစိမ်တွေကို ပိုင်ရှင်အစစ်ဆီ အားလုံးပြန်လွှဲပေးလိုက်ပါ.. အကိုကြီး။"

ကိုသစ်သည် အကိုကြီး၏ စကားကြောင့် မဲ့ပြုံးပြုံးလိုက်သည်။ ဝံပုလွေအိုကြီးလိုအင်မတန်ကို ဉာဏ်များသည့် အကိုကြီး။ မြတ်လေးခိုင်အကြောင်းကို ထည့်ပြောရဲသည်ဟုတ်လား။ ဒါကြောင့် မိမိလည်း လိုချင်သည်ကို ချက်ချင်းပြောလိုက်သည်။

ကိုမင်းက မထင်မှတ်သည့် စကားကြောင့် ဝင်မေးလိုက်သည်။ မမခိုင်နှင့် ကိုသစ်က ပူးပေါင်းကာ အကိုကြီးထံမှ ပိုင်ဆိုင်မှုကို တောင်းနေသည်တဲ့လား။

"မင်း ဘာစကားပြောလိုက်တာလဲ ကိုသစ်။"

"ကိုမင်း အသာနေ။ မင်းရဲ့ အကိုလတ်က ငါနဲ့ အရေးတကြီးပြောစရာရှိနေသေးတယ်။ ကဲ...ပြော...ငါ မတရားယူထားတဲ့ပိုင်ဆိုင်မှု တွေဆိုတာ ဘာကိုပြောတာလဲ.. ဘယ်သူက ပိုင်ရှင်အစစ်လဲ.. ပြောစမ်းပါဦး။"

သီဟစောက ကိုမင်းကို ဟန့်ကာ ကိုသစ်ကို ထပ်ပြီးဆွလိုက်သည်။ မြတ်လေးခိုင်နှင့် သူ ဘယ်လိုကြံထားသည်ကို မိမိသိမှဖြစ်မည်။ ဝေယံအောင်နှင့် ပတ်သတ်ပြီး သူဘာတွေသိထားသလဲ။ မိမိအကြောင်းလူသိတာ ဘာမှမဖြစ်ပေမယ့် ဝေယံအောင်၏ ဂုဏ်သိက္ခာကို မထိခိုက်အောင် ကာကွယ်ပေးရမည်။ ဒါကြောင့် သူတို့ကိုင်ထားသည့် အချက်အားလုံးကို မခံချင်စိတ်နှင့် ဖွင့်ပြောလာအောင်လုပ်ရမည်။

"ကျွတ်စ်..ခင်ဗျားကြီး ပိန်းချင်ယောင်ဆောင်နေပါပြီ... ခိုင့်ဆီက ခင်ဗျားယူထားတဲ့ စည်းစိမ်တွေအားလုံး မနက်ဖြန်မှာ ရှေ့နေ့နဲ့ တရားဝင်လွှဲပြောင်းပေးကြောင်း စာချုပ်မှာ လက်မှတ်ထိုးဖို့ပြောနေတာ..."

"လွှဲပြောင်းမပေးရင် ဘာဖြစ်မလဲ.."

"ခင်ဗျားရဲ့ ချစ်သူကို သတ်ပစ်မယ်.."

"ငါ့ရဲ့ချစ်သူ...ဘယ်သူပါလိမ့်..."

သီဟစော မျက်နှာမပျက်ပဲ အသံမှန်ဖြင့် မေးလိုက်သည်။ ဒီလေသံနှင့်ဆိုလျှင် ကိုသစ်က ဘယ်လိုမှနေနိုင်မည်မဟုတ်။ သေချာပေါက်ပြောလာမှာသေချာသည်။ လူဆိုတာ တဖက်က ဘယ်လိုမှမဖြစ်ဖြစ်လေလေ ပိုထိခိုက်ချင်လေ မဟုတ်လား။ ဒါကြောင့် မိမိကို ထိခိုက်အောင် ရှိသည့် လက်နက်ကုန်ကို သုံးလာလိမ့်မည်။

"ရှက်နေတာလား အကိုကြီး။ ဟင်..ညီတွေရှေ့ ယောက်ျားချင်းချစ်နေတာကို ဖွင့်ပြောဖို့ရှက်နေတာလား။ ခင်ဗျား ဂျပန်ပြည်ကို ကျောက်သွားသွားရောင်းရင်း ငြိခဲ့တဲ့ ဝေယံအောင်ဆိုတဲ့ အကောင်က ကျွန်တော့်လက်ထဲရောက်နေပြီ.. ကိုမင်း မင်းအတွက်တော့ စိတ်မကောင်းဘူးကွာ။ မင်းရဲ့ယောက်ဖက အခြောက်ဖြစ်နေတာ ရှက်စရာပဲမဟုတ်လား။ ပြီးတော့ ခင်ဗျားနဲ့ သူ တွဲရိုက်ထားတဲ့ ပုံတွေကို ရထားပြီ။ သူက ခင်ဗျားကို ချစ်နေတုန်းပဲကိုး။ ခုထိကို ခင်ဗျားနဲ့တွဲရိုက်ထားတဲ့ ပုံကို သူ့အိမ်မှာ သိမ်းထားတုန်းပဲ။ ဟဲ..ဟဲ...တကောင်းရာဇာ comapnay ပိုင်ရှင်က ယောကျားချင်းကြိုက်တဲ့ ရွံစရာအကောင်ကြီးဆိုတာ အားလုံးသိရင် ဒီတလောကလုံး တုန်လှုပ်သွားမယ်ထင်ပါရဲ့..."

ကိုသစ်သည် အကိုကြီး၏ မျက်နှာကို အထက်စီးဖြင့်ကြည့်ကာ ပြောလိုက်ပြီး ကိုမင်းကိုပါ တစ်လက်စတည်း လှမ်းရိလိုက်သည်။ သူအင်မတန်ကိုလေးစားသည့် ဆရာဆိုသည့်အကောင်က ကြောင်သူတော် ကြွက်သူခိုးဆိုတာ သိလျှင် ဘယ်လောက်တုန်လှုပ် လိုက်မလဲလို့။ သို့သော် အကိုကြီးက မျက်နှာတစ်ချက်မပျက်ပဲ ခွန်းတုန့်ပြန်လာခဲ့သည်ကို ကိုသစ်သဘောမကျပါ။ မိမိဖြစ်စေချင်တာက တခါတည်း မျက်စိပျက်မျက်နှာပျက်ဖြစ်သွားပြီး မိမိကို တောင်းပန်လာစေချင်သည်။ ယခုတော့...

"အင်း...ယောက်ျားနှစ်ယောက်တွဲရိုက်ထားတဲ့ ပုံလေးတစ်ပုံကို ကိုင်ပြီး လိင်တူကြိုက်ဆိုပြီး စွပ်စွဲတတ်တာ မင်း အတော် တိုးတက်လာပြီပဲ။ ဝေယံအောင်ကို ပြန်လွှတ်ပေးလိုက်ပါ။ သူက ငါတို့ရဲ့ဧည့်သည်။ အိမ်ရှင်က ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ဧည့်သည်ကို ထိခိုက်မလုပ်ရဘူးဆိုတာ စောင့်စည်းရမယ့် ကျင့်ဝတ်ဆိုတာ မင်းသိတယ်မလား။ မင်း ငါ့စည်းစိမ်တွေကို လိုချင်ရင် တခြားနည်းနဲ့တောင်းလို့ရတယ်။ ငါ မင်းတို့ကို ပေးလိုက်လို့ရတယ်။ "

"တော်ကီတွေကို လျှော့စမ်းပါ အကိုကြီးရာ..ခင်ဗျားကြီးရဲ့ စကားလုံးချိုချိုတွေက ကိုမင်းလို လဒူကိုပဲ အဆိပ်ခတ်လို့ရမယ်။ ဘာအိမ်ရှင်-ဧည့်သည်ကျင့်ဝတ်လဲ။ ခင်ဗျားကြီးရူးနေလား။ ခင်ဗျားကို အခုကျွန်တော်ခြိမ်းခြောက်နေတာ။အကျပ်ကိုင်နေတာ။ ခင်ဗျားကောင်လေးကို လွှတ်ပေးဖို့ အနုနည်းနဲ့ပြောနေတာဆိုရင်တော့ No ပါ။ ဒါကြောင့်...မနက်ဖြန် ခင်ဗျားရဲ့ ပိုင်ဆိုင်မှုတွေကို ခိုင့်ဆီ တရားဝင် လွှဲပြောင်းပေးပြီးရင် ခင်ဗျား ရဲ့ ချစ်သူ ကိုလွှတ်ပေးမယ်.. "

ကိုသစ် အကိုကြီး၏ စကားလုံးဖြင့်အလွှမ်းမိုးမခံပဲ လိုချင်သည်ကို အထက်စီးဖြင့်တောင်းလိုက်သည်။ ဒီအချိန် မိမိကို သူက ဘာလုပ်သင့်သည် ပြောရမည့် အခြေနေမဟုတ်တော့။ မိမိအမိန့်ကို လက်ခံရမည့်အချိန်ဖြစ်သည်။

ကိုမင်းသည် အကိုကြီးနှင့် စကားပြတ်သည်အထိစောင့်ပြီးနောက် ကိုသစ်ကို မေးလိုက်သည်။


"ကိုသစ်... မင်းပြောလို့ပြီးပြီလား.."

"အေး.. မင်းပြောချင်တာ ပြော.."

"အေး..ငါပြောချင်တာ ဒါပဲ...င့ါယောက်ဖနဲ့ အကိုကြီးကို စော်ကားတဲ့အတွက်.."

"ခွပ်..ခွပ်.."

"မင်း သေချင်နေတာလား.. ငါမင်းကို ညီအစ်ကို သံယောဇဉ်နဲ့ ညှာတာပေးနေတာ မင်း စောက်ကန်းတက်မလာနဲ့ ကိုမင်း။ မင်းပါ သူတောင်းစားခွက်ပျောက်ဖြစ်သွားမယ်..."

မိမိကို ထထိုးလိုက်သည့်အတွက် ကိုသစ်ဒေါသူပုန်ထကာ ညီဖြစ်သူကိုပြန်ထိုးလိုက်သည်။ သို့သော် အကိုကြီးက နှစ်ယောက်ကြားကို ဝင်ပြီးလူချင်းဆွဲခွာပြီး အဝေးကို ခပ်ကြမ်းကြမ်းတွန်းလွှတ်လိုက်သဖြင့် ကိုသစ်နှင့် ကိုမင်း မြေပေါ်ဖက်ထိုင်လျက် လဲကျသွားခဲ့သည်။ အကိုကြီး၏ ခွန်အား ဒီလောက်ကောင်းမည် မထင်ထားလို့ ကိုသစ် အလန့်တကြားမော့ကြည့်လိုက်မိသည်။

သီဟစောသည် သူတို့နှစ်ယောက်ကို အေးစက်စက်ကြည့်ကာ ပြတ်သားစွာပြောလိုက်သည်။

"တော်ကြတော့.. မင်းတို့ နှစ်ယောက် ရပ်ကြစမ်း.. ကိုသစ်..မင်း ငါ့ကို ဘာကြောင့်မုန်းတယ်ဆိုတာ မပြောရသေးဘူး။ အဲ့ဒါကို ရှင်းအောင်ပြော။ မင်းပြောတာကို အားလုံးကြားရပြီးရင် ငါ လုပ်သင့်တာ အားလုံးကို လုပ်ရမယ်..."

"ဟဲ...ဟဲ..ဟဲ.. ခင်ဗျားက ကျွန်တော့်ကို အနုနည်းနဲ့ပြန်ဖမ်းမလို့လား။ မရဘူး။ ကျွန်တော်တို့ ကိုလွှဲပြောင်းပေးပြီး ဟိုဘက်နိုင်ငံကို လွတ်လွတ်ကင်းကင်းရောက်တဲ့ထိ ဟိုကောင်ကို အတူခေါ်သွားမှာ..."

ကိုသစ်သည် အကိုကြီး၏ အကွက်ကိုကြိုမြင်လိုက်သဖြင့်ရယ်သွေးသွမ်းလိုက်သည်။ မိမိခုလို စီမံထားသည်ကို အကိုကြီးထင်ထားမည် မဟုတ်ပေ။ မိမိက အမြဲသူ့စကားကိုနားထောင်သည့် ကိုသစ်မဟုတ်တော့။ ချစ်သူအတွက် အရာရာရင်ဆိုင်မယ့် ကိုသစ်ဖြစ်နေသည်ကို ခင်ဗျားကြီး မသိတာ ကံဆိုးတာပဲဟု တွေးနေမိစဉ် ကိုမင်းက မကျေမနပ်မေးလာခဲ့သည်။


"မင်းခုနကပြောတော့ မနက်ဖြန် လွှဲပြောင်းပေးရင် လွှတ်ပေးမယ်ဆို ဟေ့ကောင်..."

"အေး.. အခု ငါစိတ်ပြောင်းသွားပြီ။ စိတ်မပူစမ်းပါနဲ့ ကိုမင်းရာ။ မင်းယောက်ဖက ငါ့အတွက် အသုံးမဝင်ပါဘူး။ မင်းရဲ့ကျေးဇူးရှင်ကြီး အတွက်သာ တန်ဖိုးမဖြတ်နို်င်ဖြစ်တာပါ..."

"မင်းကွာ... မင်း ဒီလောက် ကျေးဇူးကန်းမယ်ဆိုတာ ငါကြိုသိခဲ့ရင် ဟိုတခါ မင်းရှော့ဖြစ်ကတည်းက ငါ ရအောင် အသက်ကယ်မပေးပဲ သေအောင်ပစ်ထားရမှာ.."

"အေး.. မင်း သေအောင်ပစ်မထားလို့ အခု မင်းခံရတာပေါ့ကွာ။ အဲ့ဒါကို သင်ခန်းစာယူလိုက် ကိုမင်း...လောကမှာ အမှန်ကန်ဆုံးအရာက မိသားစုချစ်ခြင်းမဟုတ်ဘူး။ ငွေကွ..ငွေ...။ ငွေရှိရင် အရာအားလုံးမှန်ကန်တယ်.. ကဲ မင်းပါးစပ်ပိတ်ထား။ မင်းရဲ့ အကိုကြီးက မင်းတို့ညီအကိုကို ငါဘာကြောင့် မုန်းရတယ်ဆိုတာကို နားထောင်ချင်နေတယ်ကွ.."

ကိုသစ်က ကိုမင်း မခံချိမခံသာဖြစ်နေသည်ကို အရသာခံကြည့်ကာ စကားကိုဖြတ်လိုက်ပြီး အကိုကြီးသိချင်သည့်အကြောင်းရာကို ပြောရန်အစချီလိုက်သည်။တစ်သက်လုံး အောင်းထားရသည့် ဝေဒနာကိုဖွင့်ထုတ်ပစ်ရတော့မည်။။ ဒီအခွင့်ရေးကိုပေးခဲ့လို့ မိုးနတ်မင်းကို ကျေးဇူးတင်မိသည်။

"အကိုကြီး..ခင်ဗျားက ငွေရှာဖို့ မှော်ထဲကို ကိုယ်လွှတ်ရုန်းထွက်သွားတော့ ကျွန်တော်တို့ရွာမှာ ဘယ်လိုနေခဲ့ရလဲ သိရဲ့လား။ အဖေက နာတာရှည်။ အိပ်ယာပေါ် ပက်လက်။ ဆေးလည်းမကုနိုင်၊ နေ့တိုင်း တညည်းညည်း၊ တညူညူ၊ ကျွန်တော်တို့လည်း နပ်မှန်အောင် မစားနိုင်ပေမယ့် မိုးလင်းမိုးချုပ် တရွာလုံးကခေါ်ခိုင်းတဲ့အလုပ်ကို လုပ်ပြီး အဖေ့ကို ကျွေးခဲ့တယ်။ အဲ့ချိန် ကိုမင်းကို ကျောင်းနားခိုင်းရလို့ နေ့တိုင်း ကိုမင်း ငိုတဲ့ အသံကို ကြားရတာ ဘယ်လောက်စိတ်ဆင်းရဲဖို့ကောင်းသလဲ ခင်ဗျားသိရဲ့လား။ မနက်နိုးလာတိုင်း အဖေ့အတွက် ဆေးမြီးတိုဝယ်ဖို့ ငွေဘယ်လိုရှာရမလဲရယ်၊ ကိုမင်းကို ချော့ပြီး အလုပ်လုပ်ခိုင်းဖို့ရယ်တွေးပြီး ကျွန်တော် သေသွားချင်ခဲ့တယ်..ဒီကြားထဲ အားလုံးလည်း နပ်မှန်အောင်မစားရတော့ အရိုးစုလိုပဲပိန်လာလိုက်တာ.. မျက်လုံးဖွင့်လိုက်တာနဲ့ အရိုးစုတွေပဲ မြင်နေရတယ်..."

ထိုစကားကို တကယ်ပြောလာတော့ ကိုသစ်၏ ရင်ထဲ အဟောင်းတို့ အသစ်ဖြစ်လာခဲ့သည်။ နာကျင်မှုဆိုတာ အချိန်ဘယ်လောက် ကြာကြာဆွေးမြည့်သွားသည်လို့မရှိပဲ အသစ်စက်စက်ဆူးတွေလို ရင်ကိုထိရှနေဆဲဖြစ်သည်။ ထိုစဉ်က အဖြစ်ပျက်အားလုံး ကိုသစ်၏ မျက်ဝန်းထဲ အားလုံးရုပ်ရှင်ပြသလို တကွက်ခြင်း ထင်ထင်ရှားရှားပြန်ပေါ်လာခဲ့သည်။ ရှင်လျက်နှင့်သေနေသည့်ဘဝ။ နာကျင်မှု။မျှော်လင့်ချက်ကင်းမဲ့မှု၊ ဆင်းရဲမွဲတေမှုတို့နှင့် တည်ဆောက်ထားသည့် ဘဝ။

ကိုမင်းသည် အကိုလတ်ဖြစ်သူ နာကျည်းသည့်အချက်ကို ကြားသော် ယူကျုံးမရဖြစ်စွာဖြင့် ပြန်ပြောခဲ့သည်။ မိမိငယ်သေးလို့လားမသိတော့။ အဲ့လောက်အတွေးလည်းမခေါင်မိပေ။ ထိုစဉ်က သေမလို ဆာလောင်တာကိုမှတ်မိသော်လည်း အကိုကြီးက မိမိတို့အတွက် ငွေသွားရှာနေသည်။ ငွေတွေနှင့်ပြန်လာလျှင် ထမင်း၀၀စားရမည်ဆိုသည့် အသိဖြင့် ဖြတ်ကျော်လာတာကိုသာ အမှတ်ရနေမိသည်။ ကိုသစ်က ဘယ်လိုကြောင့် ဒီလိုတွေးသည်ကို လုံးဝနားမလည်တော့ပေ။

"အကိုကြီးက အဲ့ချိန် မှော်ထဲရောက်ကာစလေ။ နောက်နှစ်လနေတော့ ငွေပို့ခဲ့တာပဲ မဟုတ်လား။ အဲ့ငွေနဲ့ ကျွန်တော်တို့ အဖေ့ကို ဆေးရုံတင်ပေးနိုင်တယ်လေကွာ..."

"အေး..ဟုတ်တယ်။ မင်းမှတ်မိသားပဲ..အဲ့ နှစ်လအတွင်း ငါတို့ ငရဲခံနေရချိန် သူ ထားသွားခဲ့တာ.. ရွာမှ ကြုံရာကျပန်းလုပ်ရင် ရလျက်နဲ့ သူ ငါတို့ကိုထားသွားခဲ့တာ.."

"စောက်ရူး... ရွာမှာနေပြီး ကြုံရာကျပန်းလုပ်ရင် ငါတို့ ဒီအချိန် အဟာရပြတ်ပြီး မြေကြီးထဲရောက်နေပြီဆိုတာ မတွေးမိဘူးလား"

"ငါ သူရွာက ထွက်မသွားဖို့ ငိုပြီးတောင်းပန်တယ်။ အကြိမ်ကြိမ်တောင်းပန်တယ်။ မင်း အိပ်ပျော်နေလို့ ဘယ်သိမလဲ။ ငါ မနိုးခင် သူတိတ်တိတ်လေး ထွက်သွားတာ။ ငါနိုးတော့ ချက်ချင်းပြေးလိုက်ခဲ့တယ်။ ရွာပြင်မှာ ကားစောင့်နေတဲ့သူကို ငါမှီလာခဲ့တယ်...ငါ တောင်းပန်တယ်။ ခြေသလုံးဖက်ပြီး တောင်းပန်တယ်။ ထားမသွားပါနဲ့။ အတူတူနေပါ။ ဒီအခက်ခဲတွေကို ငါမဖြေရှင်းနိုင်ဘူး။ ငါကြောက်လို့ပါ..ငါ ..ငါ ငိုပြီးတောင်းပန်တယ် ကိုမင်း.. သိလား.. သူ့ကို မင်းချစ်တာထက် ဆယ်ဆ ငါချစ်တယ်။ အားကိုးတယ်။ အမေသေသွားပြီးကတည်းက ငါ အကိုကြီးကို အရမ်းကို တွယ်တာခဲ့တာ... "

"ကိုသစ်..အကိုကြီးက ငါတို့ကို မထားခဲ့လို့မရလို့သွားခဲ့တာကို မင်းလည်းသိပါတယ်။ အကိုကြီးကြောင့် အဖေ့ကို သက်သာအောင် ကုနိုင်ခဲ့တယ်။ ပြီးတော့ မင်းရော ငါရော ကျောင်းပြန်နေနိုင်ခဲ့တယ်လေ။ အကိုကြီးက ငါတို့ကို ဘယ်ခွဲသွားချင်မှာလဲ။ ငါတို့အတွက် ထွက်သွားတာကို မင်းနားလည်ရမှာပေါ့.."

"မင်းက နားလည်တယ်ပေါ့ဟုတ်လား။ အေး..မင်းဆိုတဲ့အကောင်က ဒါကို ဘယ်သိမှာလဲ၊ အမေက ရုတ်တရက်ဖျားပြီးသေသွားတယ်။ အဖေက နာတာရှည်နဲ့ အိပ်ယာထဲ လဲနေတယ်။ ဖျားလိုက်၊ သတိမေ့လိုက်။ လူမှန်းတောင်မသိဘူး။ အဲ့ချိန် ငါ့အတွက် သူရှိပေးနေရမှာလေ.. သူက ငါ့ကို မြေကြီးပေါ်တွန်းလှဲပြီး ကားပေါ်တက်သွားခဲ့တယ်။ ငါ..ငါ...ပြေးလိုက်တယ်။ တဖြည်းဖြည်း ကားက ဝေးပြီးပျောက်သွားတော့ ငါ ကားလမ်းမပေါ် ထိုင်ချပြီး အကြာကြီး ငိုနေခဲ့တယ်။ အဲ့နောက်ပိုင်း င့ါရင်ထဲက အကိုဆိုတာ မရှိတော့ဘူး။ သူသေသွားပြီ။ "

"မင်းရူးနေပြီ ကိုသစ်..."

"အေး..ဟုတ်တယ်။ မင်းအခုမှ သိတာတော့စိတ်မကောင်းဘူး.."

သီဟစောသည် ညီအစ်ကိုနှစ်ယောက်အပြန်အလှန်ပြောနေသည်ကို မိမိနှင့်မသက်ဆိုင်သူနှယ် ငြိမ်သက်စွာနားထောင်နေပြီး အားလုံးကို နားလည်သွားတော့သည်။ ကိုသစ်က မိမိထင်တာထက်ကို ပျော့ညံ့ခဲ့တာကိုး။ ငယ်ကတည်းက မိမိကို ခင်တွယ်လွန်းသည်ကို သိသည်။ဒါကြောင့် သူ့ရဲ့တွယ်တာစိတ်ကို ခပ်ကြမ်းကြမ်းဖြတ်ပေးခဲ့သည်။ ယောကျာ်းလေးတစ်ယောက် အနေဖြင့် ဒီလောက်ညီအစ်ကိုပေါ်ကို တွယ်တာနေလျှင် ဘဝမှာရပ်တည်ဖို့မလွယ်ကူပေ။ ထိုစဉ်က သူတို့ကို မလွဲသာလို့ထားသွားခဲ့သော်လည်း မသွားလျှင် အားလုံးငတ်သေမည်။ သွားသည့်လမ်းကလည်း သူပုန်နှင့် မငြိမ်းချမ်းသည့် အမည်းရောင်နယ်မြေ။ မတတ်သာလွန်းလို့ သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီးဆိုပြီး မှော်ထဲတက်သွားခဲ့သည်။

ရွာက ဆင်းရဲသည်။ စားဖို့တောင် အနိုင်နိုင်နှင့်ဘဝတွင် အဖေ့ရောဂါကို ဘယ်လိုမှကုပေးနိုင်မည်မဟုတ်ပေ။ ဒါကြောင့် မိမိပြန်မလာနိုင်ခဲ့လျှင် မိသားစုကို ကိုသစ်က ဥိးဆောင်ရမည်။ သူ့ကို ကြံ့ခိုင်စေဖို့ မိမိအကြိမ်ကြိမ် ပြောပြခဲ့သည်။ နားချခဲ့သည်။ သို့သော် မျက်ရည်ဖြင့်သာ မိမိကို ခွဲမသွားရန် တားဆီးနေသည့် ညီကို နောက်ဆုံး သီဟစော ခပ်ကြမ်းကြမ်းခွဲခဲ့သည်။ ဒိအတွက် သူက မိမိကို မုန်းတီးသွားသည်တဲ့လား။

ချစ်ခြင်းတရားက သူ့ကို ပျော့ညံ့စေပြီး အမုန်းတရားက သူ့ကိုကြံ့ခိုင်လာစေသည်တဲ့လား။ ညီလတ်ကို ကြည့်ကာ သီဟစော နာကျင်အောင်မှတ်ချက်ချလိုက်သည်။

"အင်း... မင်း အဲ့လောက်စိတ်ပျော့မယ် ငါမထင်ခဲ့ဘူး ကိုသစ်.. မင်းအကြောင်းကို ဇာတ်လမ်းရေးရင် မျက်ရည်ချူနိုင်တဲ့အကွက်ပဲ ကိုရီးယား ဒရမ်မာတွေလိုကြည့်ကောင်းမှာသေချာတယ်။"

"ခင်ဗျား ဒီလိုမှပြောပါ့မလားလို့ ကျွန်တော် စိုးရိမ်နေခဲ့တာ.. ဟုတ်တယ်။ ခင်ဗျား မျက်လုံးထဲမှာ ကျွန်တော်က အမြဲပျော့ညံ့တယ်။ မဟုတ်တာလုပ်တဲ့ ဆေးသမား။ ခင်ဗျား ကရုစိုက်တာ ကိုမင်းတစ်ယောက်တည်းကိုပဲ။ ကျွန်တော့် ဆေးစွဲတော့ ခင်ဗျားရဲ့ ချစ်လှစွာသော ညီလက်ထဲမှာ သေသေရှင်ရှင်ပစ်ထားခဲ့တယ်။ သူဌေးသမီးကို လက်ထပ်သွားခဲ့တယ်။ ဘယ်တုန်းက ညီတစ်ယောက်ရယ်လို့ အသိမှတ်ပြုပြီး ဂရုစိုက်ဖူးလို့လဲ..ဟင်..."

သီဟသစ်လွင်က မဲ့ပြီးပြန်ပြောခဲ့သည်။ သူ့အသိထဲတွင် ချစ်သောအကိုကြီးဆိုတာ ပျောက်ကွယ်သွားတာကြာပြီ။ အခုမျက်စိရှေ့တွင်ရှိနေသူက မိမိကို ရက်စက်စွာစွန့်ပယ်ခဲ့သူ။ မိမိရန်သူ။ တစ်သက်လုံးစောင့်ခဲ့ရသည့် ကလဲစားခြေရန် အခွင့်ရေး မိမိလက်ထဲရောက်ခဲ့လေပြီ။

ကိုမင်းသည် ကိုသစ်၏ စကားကိုကြားသော် စိတ်ပျက်လက်ပျက်နှင့်မေးလိုက်သည်။ ကိုသစ်သည် မသိတာမဟုတ်၊ သိသိနှင့်ကို ဆိုးသွမ်းနေသည်ဟု မြင်လာသည်။


"အကိုကြီးက ဘာကြောင့် မြတ်လေးခိုင်ကို လက်ထပ်ခဲ့ရတယ်ဆိုတဲ့အကြောင်းရင်းကို မင်းတကယ်မသိတာလား ကိုသစ်။ မွှန်နေလို့ မင်းမမြင်တာလား.."

"အကြောင်းရင်း...ဘာလဲ.. သူ့အဖေကြီးက အကျပ်ကိုင်ခြိမ်းခြောက်လို့ လက်ထပ်လိုက်ရတယ်တဲ့လား..ဟက်..ဟက်.."

"မင်းကို မြတ်လေးခိုင် ဘယ်လိုပြောထားလဲ ငါမသိဘူး ကိုသစ်...အကိုကြီးကို သူတို့သားအဖက အဖေနဲ့မင်း ကို ကိုင်ပြီး နွားဖားကြိုးထိုးသွားခဲ့တာပဲ.."

ကိုမင်းသည် ကိုသစ်ကို အမှန်တရားကိုပြောပြီး အမြင်မှန်ရလာအောင်ကြိုးစားလိုက်သော်လည်း ရလဒ်က မယားစိတ်မွှန်နေသည့် စိတ်ပျက်စရာ အကိုလတ်၏ ပုံရိပ်ကိုသာမြင်လိုက်ရသည်။

"ဟေ့ကောင် ကိုမင်း..မင်း သောက်ပါးစပ်က မင်းထက် အသက်ကြီးတဲ့ မရီးကို နံမည်တပ်ခေါ်စရာမလိုဘူး... နောက်တခါ သူ့နာမည်ကို ခေါ်ကြည့်။ မင်း သွားတွေအားလုံးကျွတ်အောင် ငါထိုးမှာ.."

"စောက်နွား.. ဒီလောက်ပြောနေတာကို မင်းမယား အကြောင်းပဲ ရေးကြီးခွင်ကျယ်ပြောနေတယ်.. မင်း သိပ်နစ်နာတယ်ပဲ အော်မနေနဲ့.. မင်းလုပ်သမျှ အားလုံး အကိုကြီးသိတယ်။ အကိုကြီး သည်းခံနေလို့ မင်း ခုလို မာရေကျောရေပြောနေနိုင်တယ်မှတ် ဟေ့ကောင်.."

ကိုမင်း စိတ်မရှည်တော့ပေ။ ဒါကြောင့် ကိုသစ်ကို ခပ်ရိုင်းရိုင်းသာပြောလိုက်တေ့ာသည်။ အသိဉာဏ်ကနည်း၊ ပင်ကိုယ်က သေးသိမ်သည့်စိတ်ထားရှိသည့်အပြင် မိန်းမတစ်ယောက်၏ မာယာကျော့ကွင်းအောက်ရောက်သွားပြီး ရိုင်းချင်တိုင်းရိုင်းနေသည့် အကိုကို မရိုသေချင်တော့ပါ။ ဒါကြောင့် ကိုသစ်နှင့်အပြိုင် ဆဲပစ်လိုက်တော့သည်။

သီဟသစ်လွင်သည် ကိုမင်းက ဆဲရေးသည့်စကားကိုရော၊ မိမိတို့အတွက် အကိုကြီးရဲ့အနစ်နာခံမှုက မပြီးဆုံးနိုင်သည့် ပုံပြင်ဖြစ်လာသောအခါ စိတ်မရှည်တော့ပါ။ ဒီတစ်သက် အကိုကြီးရဲ့ ကျေးဇူးတရားကနေမိမိလွတ်နိုင်ပါဦးမလား။

"သြော်..ဟုတ်လား။ အကိုကြီး.. ကျွန်တော့်ကိုခွင့်လွှတ်ပါ။ ကျွန်တော့်ကြောင့် မိန်းမတစ်ယောက် စကတ်အောက်ကို မာနချပြီး သွားခဲ့ရလို့ တောင်းပန်ပါတယ်.."

သီဟစောသည် ကိုသစ်၏ ခနဲ့စကားကို ဆက်မကြားချင်တော့သဖြင့် ဟန့်တားလိုက်သည်။ လိုရင်းကိုသာပြောလိုက်သည်။ မိမိလည်း အားလုံးကိုသိပြီဆိုတော့ မြန်မြန်ဇာတ်ပေါင်းလိုက်တာကောင်းသည်။ ဝေယံကိုလည်း မိမိကြောင့် ဆက်ပြီး စိတ်ဆင်းရဲ့ မခံစေချင်တော့ပါ။


"ရပြီ ..ကိုသစ်။ စကားပြောတာ တော်ကြစို့.. မင်းလိုချင်တာ ပိုင်ဆိုင်မှုတွေဟုတ်လား။ ကောင်းပြီ။ ငါ အားလုံးလွှဲပေးမယ်။ ဝေယံအောင်ကိုပဲ အရင်လွှတ်ပေးပါ.. "

"ဟဲ..ဟဲ...ဟဲ.. အကိုကြီး လိမ်မာလာပြီ။ ကျွန်တော်ပြောတာကို နားလည်တယ်မဟုတ်လား။ ခုချိန်အကိုကြီးတို့ ဈေးဆစ်ရမယ့် အချိန်မဟုတ်တော့ဘူး။ ဒါကြောင့် ကျွန်တော်တောင်းဆိုတာ လုပ်ဖို့ မနက်ဖြန် ရှေ့နေတစ်ယောက်နဲ့ လာရမယ့် နေရာကို ဖုန်းလှမ်းဆက်လိုက်မယ်။ ကဲ..ကောင်းသောညပါ။ ညီအစ်ကို သုံးယောက် အတူသောက်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ နူတ်ဆက်ပွဲသဘောပေ့ါ.."

ကိုသစ်သည် လိုချင်တာကို ရတော့မည်ဖြစ်လို့ ကျေနပ်ကာ မျက်နှာတပြင်လုံးပြုံးသွားခဲ့သည်။ ကိုမင်းသည် အကိုဖြစ်သူ၏ ချောမွေ့သည့်ရုပ်ရည်နှင့် မလိုက်ဖက်စွာ သံယောဇဉ်ကင်းမဲ့ကာ ရိုင်းပြသည့် စိတ်ကို စိတ်မကောင်းစွာတွေးပြီး နောက်ဆုံး ဖြောင့်ဖျရန်ကြိုးစားလိုက်သည်။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ ဆိုသော်လည်း လက်သည်းဆိတ်တော့ လက်ထိပ်နာသည်။ မိမိတို့က တဖအေ၊ တမအေထဲက မွေးဖွားလာသည့် ညီအကိုရင်းမဟုတ်လား။

"ကိုသစ် မင်း တကယ် ငါတို့ကို ကျောခိုင်းသွားတော့မလား..မိန်းမတစ်ယောက်အတွက်နဲ့ ငါတို့ကို စွန့်ပစ်ခဲ့တော့မလား။"

"မင်းတို့က ငါ့ကို အရင်စွန့်ပစ်ခဲ့တာပါ။ မင်းတို့ပြောတဲ့ မိန်းမက ငါ့ကို ကယ်တင်ပေးခဲ့တာပါ။ သူ့ကြောင့် ယောကျာ်းတစ်ယောက် ဆိုတဲ့ ခံစားချက်ကိုငါပြန်ရခဲ့တယ်။ လူသားတစ်ယောက်ဆိုတဲ့ အသိပြန်ဝင်ခဲ့တယ်။ ဒါကြောင့် ငါ့ဘက်က မကောင်းတဲ့ ငါ့အတိတ်ကို ဖျက်တောက်ပစ်လိုက်ပြီး ချစ်တဲ့သူနဲ့ ဘဝကိုရှေ့ဆက်တော့မယ်။ ကျွန်တော့်ရှေ့ကို ထပ်ပေါ်မလာကြပါနဲ့တော့။ ကျွန်တော်တို့ရဲ့ တော်စပ်မှုက ဒီတင်ပဲပြီးသွားပြီ။ နောက်တခါတွေ့ဆုံးခြင်းက သူစိမ်းအနေနဲ့ပဲ.. ကဲ အကိုကြီးနဲ့ ကိုမင်း..Goodbye.. "

ကိုသစ်သည် ဘဝမှာ ပထမဆုံးပြတ်သားသည့် ဆုံးဖြတ်ချက်ကို ချမှတ်ကာ မိမိ၏ အတိတ်ဆိုးဖြစ်သည့် အကိုနှင့်ညီကို ကျောခိုင်းကာ ထွက်ခဲ့သည်။ မိမိလွတ်လပ်သွားပြီဆိုသည့် အတွေးဖြင့် တလမ်းလုံးပျော်ရွှင်စွာ ရယ်မောလာခဲ့သည်။ မကြာခင် ခိုင်စောင့်နေသည့်နေရာကိုရောက်တော့မည်။ မိမိရှိသည့်သည့်နေရာ၊ မိမိရသင့်သည့် ပိုင်ဆိုင်မှု။ အလှနတ်ဘုရားရဲ့ ကြင်ယာတော်...။

"ကိုသစ်... ကိုသစ်..."

"ညီလေး..တော်တော့.. သူ့စိတ်ပြောင်းလာတော့မှာ မဟုတ်ဘူး..."

ကိုမင်းကို သီဟစောလှမ်းတားလိုက်သည်။ ညီဖြစ်သူ စိတ်ထိခိုက်နေသည်က မျက်နှာပြင်တွင် အထင်းသားပေါ်နေသည်။ မိမိလည်း ရင်နာမိပါသည်။ ဒါပေမယ့် အဖြစ်မှန်ကိုလက်ခံရမည်။ မိမိတို့ညီသည် မိမိတို့ကို မုန်းတီးကာ နောက်ကွယ်မှ ဒါးနှင့်ထိုးသွားသည် ဆိုသည့် အမှန်တရားကို လက်ခံရမည်။ ဆက်လက်ဖြေရှင်းရဦးမည်ဖြစ်လို့ နာကျင်သည် ဆိုသည့် ခံစားချက်ကို ထိန်းချုပ်ထားသည်။

"အကိုကြီး ကိုသစ်က ကျွန်တော်တို့ကို ဘာကြောင့် ဒီလိုလုပ်ရက်တာလဲဗျာ..သူက ကျွန်တော်တို့ ညီအစ်ကိုလေ။ ကျွန်တော် သူ့အပေါ်လုပ်ပေးခဲ့တာကို သူဘာကြောင့်ရန်ငြိုးထားရတာလဲ။ အကိုကြိးရဲ့စေတနာကို သူဘာလို့မမြင်တာလဲဗျာ.."

"သူ့အတ္တကြောင့် ကန်းခဲ့တာ ကြာပြီ ညီလေး..။ ညီအစ်ကို သံယောဇဉ်ကို ပစ်ပယ်တာ သူ့အပိုင်း၊ ငါတို့က စစ်မှန်တဲ့ ချစ်ခြင်းကိုပေးခဲ့တာ. .. ဘာမှ နောင်တရစရာမရှိဘူး ညီလေး..လာ..လာ..ပြန်ကြစို့. မိုးဖြူ မျှော်နေရောပေါ့..."

သီဟစောသည် ယူကျုံုးမရဖြစ်နေသည် ညီလေးကို ခေါ်ကာ မိမိတို့ မဟူရာစံအိမ်ကို ပြန်လာခဲ့သည်။ အိမ်သို့ရောက်လျှင် မြတ်လေးခိုင်လည်း ရှိတော့မည် မဟုတ်သည်ကို သိနေသည်။ ဒါလည်းကောင်းပါသည်။ မကြာခင် အားလုံးရှင်းသွားတော့မည်။

--------------------------




အပြာရောင် အချစ်ညများWhere stories live. Discover now