အခန်း (၁၇)
အိပ်ရာထတော့ မနက် ရှစ်နာရီခွဲ။ အိပ်ရာထတယ်ဆိုတာထက် အိပ်လို့ မရတော့တာက ပိုမှန်မယ်။
အခန်းပြင် ထွက်တော့ ဘုရားဆွမ်းတော် ကပ်နေတဲ့ ကိုကို့ကို မြင်တယ်။ ပုဆိုးနဲ့ ရှပ်လက်တို အကွက်ကို တွဲဖက်ဝတ်ထားတဲ့ ကိုကိုက ပိန်သလို ရှိပေမဲ့ ဘယ်အချိန် တွေ့တွေ့ ငေးချင်စရာလေး။ ဖြူဖွေးတဲ့ လက်ဖျံပေါ်က မြစိမ်းရောင် သွေးကြောမျှင်တွေကိုလည်း သဘောကျတယ်။
ကြည်လင် အေးမြနေတတ်တဲ့ ကိုကိုက ကျူးအတွက်တော့ စိမ်းစိမ်းစိုစို သစ်တောလေးပဲ။
မျက်နှာမသစ်ခင် ဘုရားကန်တော့နေတဲ့ ကိုကို့ကို ဘေးမှာ ထိုင်ပြီး ငေးဖြစ်တယ်။ တစ်အိမ်တည်း အတူနေတဲ့ လူနှစ်ယောက်ရဲ့ အချိန်ကို ဖြတ်သန်းပုံက ဆန့်ကျင်ရာပဲ။ ကိုကိုက ကုသိုလ်ရရေး လုပ်နေပေမဲ့ ကျူးကတော့ မနက်ခင်းကြီး သတ်ပုံမှားနေတဲ့ ဘေးအိမ်ကို ခဲနဲ့ ထုချင်လာပြီ။ မကျတဲ့ စိတ်တိုင်းနဲ့ပဲ အိမ်ခြေရင်းက ပြတင်းပေါက်နား သွားရပ်ဖြစ်တယ်။
လုပ်ထားစမ်း။ အကြိုက်။
Sound Box နဲ့ ဦးချစ်ကောင်းရဲ့ သီချင်းကို အော်ကြီးဟစ်ကျယ် လိုက်ဆိုရင်း ငချွတ်လေးက ဆိုင်ကယ် ရေဆေးနေတယ်။ မကြာဘူး။ သီချင်းသံ ပိတ်သွားတာနဲ့ ကောင်လေးက ရေခွက် ကိုင်ရင်း မတ်တပ် ထရပ်လိုက်သလို အမျိုးသမီးရဲ့ အသံကလည်း ထွက်လာပါရော။ ဒါပေမဲ့ အိမ့်ချစ်တော့ မဟုတ်ဘူး။ ကောင်လေးရဲ့ မာတာမိခင် ကျေးဇူးရှင်။
တံမြက်စည်း ကိုင်ပြီး အိမ်ရှေ့ ထွက်လာတဲ့ အမေလုပ်သူက သားဖြစ်သူကို အော်ပြောတယ်။ ကျူးက ပြတင်းပေါက်နား သွားတိုက်တံ ကိုင်ပြီး ပေါ်ပေါ်တင်တင် ရပ်ကြည့်နေလိုက်တယ်။
“ အဲ့ဆိုင်ကယ်ကို ဆေးမနေဘဲ မြန်မြန် ရေချိုးပြီး တက်ခဲ့။ ဆယ်တန်း ကျောင်းသားဖြစ်ပြီး စာကျက်မယ် မရှိဘူး။ အားနေ ဒီသီချင်းပဲ နားထောင်နေ သိလား။ ဆယ်တန်းကို ဘယ်နှစ်နှစ် တက်ဖို့ စိတ်ကူးနေတာလဲ ရဲခန့် ”
“ တစ်နှစ်ပဲ ကျသေးတာပါ အမေရာ။ အဲ့လောက်ကြီး အော်မနေပါနဲ့။ ဒီတစ်ပုဒ်ပဲ ဖွင့်မှာပါဆိုနေ ဘာလို့ ပိတ်လိုက်တာလဲ။ စာကျက်ရအောင်လည်း ခုမှ အစောကြီး ရှိသေးတယ်လေ ”