Ep - 26 [Z]

2.2K 170 15
                                    

အခန်း (၂၆)

“ ရောက်လာပြီလား ကျူး ”

“ ဟုတ်။ အစ်ကို ”

“ လမ်းခရီးရော ဘယ်လိုလဲ။ လာရတာ အဆင်ပြေလား ”

“ ပြေပါတယ်။ သင်္ဘော မလွတ်အောင် အချိန်တော့ ကြိုကိုက်ပြီး ထွက်ရတယ် ”

“ နောက်ပိုင်းတော့ ကျင့်သားရသွားမှာပါ ”

ကျူးကို အလုပ်ခန့်ထားတဲ့ သူဌေးက မြင်မြင်ချင်းပဲ နှုတ်ဆက်လာတယ်။ ၀န်ထမ်း အရေအတွက် နည်းနည်းနဲ့ တိုက်ခန်းက သုံးလွှာမှာ ဖြစ်တယ်။ သူဌေးက လူငယ်ဆန်တယ်။ လွတ်လပ် ပေါ့ပါးသယောင် ထင်ရတယ်။

" အစ်ကို့ နာမည်က ကျော်သူရ။ ဒီမှာတော့ အကုန်လုံးက ညီအစ်ကို မောင်နှလိုပဲ။ ကျူးလည်း စိတ်သက်သာသလို နေ ”

“ ဟုတ် ”

“ ကျူး ရောက်ပြီဆိုတော့ အလုပ် သဘောတရားလေး နားလည်သွားအောင် အစ်ကိုတို့ ရုံးအကြောင်းနဲ့ စပြီး မိတ်ဆက်တာပေါ့။ လာကြ။ မင်းတို့ကိုလည်း တစ်ခါတည်း ပြန်နွှေးပြီး မေးမယ် ”

စာရွက်ဖြူဖြူ တစ်ထပ်နဲ့ ဘောပင်တစ်ချောင်း ကိုင်ပြီး စားပွဲရှေ့က ခုံမှာ ဝင်ထိုင်တယ်။ တခြား ဝန်ထမ်းတွေကိုလည်း ရင်းရင်းနှီးနှီး လှမ်းခေါ်တယ်။

ကျူးနဲ့အတူ ယောက်ျားလေး သုံးယောက်က မတ်တပ်ရပ်ပြီး လိုက်နားထောင်ဖို့ ပြင်တယ်။  အဖော်အပေါင်းလေးနဲ့ဆိုတော့ ပိုမိုက်သွားတယ်။
ဘာနဲ့တူလဲဆို ငယ်ငယ်က ဆရာမ စာရှင်းပြချိန် နားထောင်နေတဲ့ ကလေးတွေလိုပဲ။ မတူတာက ကျူးတို့က ကလေးတွေ မဟုတ်တော့သလို သူဌေးကလည်း ဆရာ ဖြစ်မနေဘူး။ ဘဝက သတ်မှတ်ချက်တွေနဲ့ ဆိုပေမဲ့ သူ့နည်းသူ့ဟန်တော့ လည်ပတ်နေတာပဲ။

" အစ်ကိုတို့ဆီမှာက Note book, Calendar, Menu card, Name card, Luggage tag, Meeting folder နဲ့ လက်ဆွဲအိတ်တွေ အထုတ် များတယ်။ Printing နဲ့ ပတ်သက်တာတွေ အတော်များများ လုပ်တယ်။ Printing မှာမှ အစ်ကိုတို့ အဓိက လိုက်တာက Offset  နဲ့ digital။ Offset ကို အပြင်မှာ ရိုက်တယ်။ Sticker နဲ့ Vinyl တွေဆို ကိုယ်တိုင် ထုတ်တယ်။ Sticker မှာ အမှိန်၊ အပြောင်နဲ့ ရောင်ပြန်ဆိုပြီး သုံးမျိုး ရှိမယ်။ P.O (purchase order) တက်လာရင် အရင်ဆုံး design confirm လုပ်ရတယ်။ Design ပိုင်းကို အစ်ကို ကိုင်တယ်။ Confirm  ဖြစ်ပြီဆို စက္ကူဝယ်တာ plate ထုတ်တာတွေ စလုပ်တယ်။ သုံးမယ့် စက္ကူအမျိုးအစားကိုလည်း အမှားအယွင်း မဖြစ်အောင် ဂရုစိုက်ရတာပေါ့။ ဓါးဖြတ်၊ ကော်ကပ်၊ ချိုးတာနဲ့ Binding ကို အပြင်မှာပဲ အပ်တယ်။ QC နဲ့ packing ပြီးရင် ပစ္စည်း ပို့လို့ ရပြီ။ အရင်ဆုံး ဒီအကြမ်းဖျင်း သဘောလောက် သိထားရင် ရပြီ "

Private AreaWhere stories live. Discover now