အခန်း (၂၈)
“ မနက်ဖြန် ဆရာမကြီးတို့ အိမ်မှာ ဝါဆို သင်္ကန်းကပ် ရှိလို့ ကိုယ့်ကို ဖိတ်ထားတယ်။ ကျူးကိုပါ တစ်ခါတည်း ခေါ်ခဲ့ဖို့ မှာလိုက်တယ် ”
အိမ်နေရင်း ပုဆိုးတစ်ထည်ကို လဲဝတ်ရင်း အသိပေးတော့ ခါးနဲ့ video call ပြောနေရာက ကျူးရဲ့ အကြည့်တစ်စုံ ကိုယ့်ဆီ ဝေ့လာတယ်။ လိုက်တာ၊ မလိုက်တာက ကျူးရဲ့ ဆန္ဒသာ ဖြစ်တယ်။ အသိပေးရမှာက ကိုယ့်ရဲ့ တာဝန်ပဲမို့ တိုက်တွန်းတာမျိုး မလုပ်ချင်ဘူး။ ကျူးကို ကျူးပဲ ပိုင်ဆိုင်တာမို့ ဆုံးဖြတ်ချက်တွေ၊ ရွေးချယ်မှုတွေ၊ လုပ်ပိုင်ခွင့်တွေ အကုန်လုံး ကျူးဆီမှာပဲ အပြည့်အဝ ထားရှိချင်တယ်။
“ ဘာကျွေးမှာလဲ ”
ဦးဆုံး စွန့်လာတဲ့ အမေးက ကျူး ပီသစွာပဲ ပြတ်ပြတ်ရှင်းရှင်း။ ကိုယ် ချွတ်ထားတဲ့ အဝတ်ကို ခြင်းထဲ ထည့်ပေးနေတဲ့ ကျူးက နည်းနည်းလေး သဘော ပိုကောင်းလာပုံ ရတယ်။
“ အုန်းနို့ခေါက်ဆွဲ ”
“ ဒါဆို ကျူးက ဘာစားရမလဲ ”
နှာခေါင်းတစ်ချက် ရှုံ့လို့ ဖြစ်သွားတဲ့ ရုပ်လေးက ဖျစ်ညှစ်ချင်စရာပဲ။ ညနေစာ စားဖို့ ခုံဝိုင်း ချတော့ အပြာရောင် ပန်းခတ်ပုံတူ ကြွေပန်းကန် နှစ်ချပ်က ကျူးရဲ့ လက်ထဲမှာ တင့်တင့်တယ်တယ် လိုက်ပါလာတယ်။
ဟင်းပွဲတွေ ချပြီး မျက်နှာချင်း စုံညီတော့ ကိုယ့်ပန်းကန်ထဲ ရောက်လာတဲ့ ဟင်းက မနက်ဖြန် ထီပြေးထိုးဖို့ နိမိတ်ပြ အရိပ်ပဲ။ ကိုယ့်ကို ဦးချပြီး စားတယ်ဆိုတာ ရှားပါတယ်။ အကြောင်းမဲ့ လိမ္မာပြနေတော့ စိတ်မှာ ထင့်လာပါရော။ မျက်ဝန်းတွေလည်း ဝင့်တင်မိတာပဲ။
“ မလန့်ပါနဲ့။ ဒါ ကိုကို ချက်ထားတာတွေ။ ကျူးက အခုမှ အလုပ်က ပြန်ရောက်တာ ကိုကို့ အမြင်ပဲလေ။ ဆေးခတ်ချိန် မရတာ သိသားနဲ့ ”
စတာလား၊ အတည်လား မသိနိုင်တဲ့ စကားလုံး တချို့ကို မျက်တောင်မခတ်၊ မျက်နှာမပျက် ပြောလာပုံက ကြောက်ဖို့ ကောင်းတာတော့ အမှန်။ဲဒါပေမဲ့ ခဲမှန်ဖူးတဲ့ စာသူငယ်လို ထိတ်လန့်နေတာ မဟုတ်တာလည်း ကိုယ်တိုင်သာ အသိဆုံးပဲ။ ဒီဆရာဝန်ကို ဆေးခတ် ကြံနိုင်ခြင်းက ကြံခွင့် ပေးခဲ့လို့ ဖြစ်ကြောင်း ဒီကလေး သိအောင် ထုတ်မပြချင်တော့ဘူး။ လူတွေက အမြဲတမ်း မရိုးနိုင်ပါဘူး။ ဒါကို ကိုယ့်အပေါ် ကွက်လို့မှ ကျူးက မေ့နေခဲ့ပုံပါပဲ။