Chapter-1

3.5K 185 4
                                    

Zawgyi

ဖုန်းမှတောင်ခနဲအသံမြည်လာသောကြောင့် ဟန်စေသာပျင်းတိပျင်းရွဲနှင့် အိပ်ရာမှနိုးလာခဲ့သည်။ဘေးနားကနာရီကို ယူကြည့်လိုက်တော့ ခုနစ်နာရီ။ကိုယ်ကိုမတ်လိုက်ကာ စားပွဲပေါ်မှာတင်ထားသော သူ့ဖုန်းကိုယူလိုက်သည်။မင်းရတုပိုင်ဆီမှ စာပို့ထားသောကြောင့် အလျင်အမြန်ပင် ဖုန်းကိုဖွင့်ကာ ဘာပို့ထားလဲဆိုတာကို ကြည့်လိုက်သည်။

'ကိုယ်တို့ဒီနေ့ 'Sky Cafe' မှာတွေ့ကြရအောင်၊ကိုယ်အရေးကြီးတာ ပြောစရာရှိတယ်'

သူနှင့်အဆက်အသွယ်ပြတ်တာ တော်တော်ကြာနေပြီဖြစ်သော ပိုင်ကရုတ်တရက်ဆက်သွယ်လာသောကြောင့် နည်းနည်းထူးဆန်းသွားသည်မှာ အမှန်ပင်။ပျော်သင့်သည်ဆိုသော်လည်း စိတ်ထဲမှာတော့ တစ်ခုခုကိုအလိုမကျဖြစ်ကာ လေးလံနေသည်။စိတ်ညစ်စရာကောင်းသောအတွေးတို့ကို ခေါင်းထဲမှထုတ်လိုက်ကာ ပိုင်နှင့်သွားတွေ့ရန်ပြင်တော့သည်။

ရေချိုးပြီးနောက် အဝတ်အစားလဲဖို့ပြင်နေတုန်း ဖုန်းမှအသံထပ်မြည်လာသောကြောင့် တစ်ဖန်ယူကြည့်လိုက်သည်။ထိုအခါမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် သူ့ခေါင်းကိုသူ နာနာလေးခေါက်ချလိုက်သည်။

"ဒီနေ့ ငါနဲ့ပိုင်တွဲတာတစ်နှစ်ပြည့်ပဲ၊မေ့နေလိုက်တာ ကြည့်စမ်း။ပိုင်တော့ စိတ်ဆိုးနေတော့မှာပဲ။မြန်မြန်ပြင်မှ"

မင်းရတုပိုင်စောင့်နေရမည်စိုးသောကြောင့် မြန်မြန်အဝတ်လဲရင်းပင် လွယ်အိတ်ကိုဆွဲယူကာ ချိန်းထားသောနေရာကိုပြေးထွက်လာခဲ့သည်။ပိုင့်ကိုအကြာကြီး စောင့်ခိုင်းနေရင် မကောင်းဘူးမလား။

ချိန်းထားသောနေရာကိုရောက်တော့ ဟန်တစ်ယောက်ကားကိုရပ်လိုက်သည်။'Sky Cafe'ဆိုတာ သူတို့တက္ကသိုလ်နားက ဆိုင်တစ်ဆိုင်၊အများအားဖြင့် လူငယ်တွေတော်တော်များများလာလေ့ရှိကြသည်။သူနှင့်ပိုင်ကလည်း ထိုဆိုင်မှာပဲအများအားဖြင့်တွေ့လေ့ရှိကြသည်။

ဆိုင်အတွင်းကိုမြန်မြန်ဝင်လိုက်ပြီး မင်းရတုပိုင်ကိုရှာနေမိသည်။အနောက်နားက စားပွဲဝိုင်းမှာထိုင်ကာ အပြင်ကိုငေးကြည့်နေသော ပိုင့်ကိုတွေ့တော့ အမြန်ပြေးသွားလိုက်ကာ သူ့အရှေ့ကခုံမှာ ထိုင်လိုက်သည်။

Not First But LastWhere stories live. Discover now