SS - 7

2.8K 334 29
                                    

လွန်ခဲ့သော နှစ်နှစ်ကျော်က ထိုခြံရှေ့တွင် ရပ်ပြီး
အထဲကို အသည်းအသန်ချောင်းကြည့်ကာ ဒေါသမာန်အဟုန်ဟုန်တို့ ထွက်ခဲ့ဖူးသော သူမ။
စိတ်ထဲအဆင်မပြေလျှင် မြင်မြင်သမျှအရာကို ခက်ထန်စွာ တုန့်ပြန်တတ်သော အပြုအမူတွေကလည်း မိုးပေါ်က တိမ်လွှာတွေလို ခပ်မြင့်မြင့်။
ယခုအချိန်မှာတော့ လေထုထဲ လွင့်မျေောနေတဲ့ တိမ်တိုက်တိမ်စိုင်တွေမဟုတ်တော့။ အေးချမ်းမှု၏ အဓိပ္ပာယ်ကုိ ဖော်ဆောင်ဖို့အတွက်
မိုးအဖြစ် ပြန်လည်ရွာသွန်းနေလေပြီ။ အကြောင်းပြချက်တစ်ခုတော့ကောင်းကောင်းရှိသည်။ ထိုအရာကား ပြောင်းလဲတတ်တဲ့ နှလုံးသားတစ်စုံ။

နူးညံ့မှု၊ နားလည်ခွင့်လွှတ်မှု၊ ကုိယ်ချင်းစာနာမှု၊
အစရှိသော လူသားဆန်မှုတွေကို နှလုံးအိမ်ထဲ ရောက်ရှိလာအောင် မသိမသာရိုက်သွင်းခဲ့တဲ့ လူတစ်ယောက်ကြောင့်ဆိုလျှင် ပိုမှန်မည်။

ရေငွေ့တွေကိုစုစည်းပြီး ဖြစ်တည်လာတဲ့ တိမ်တွေတောင် အချိန်တန်ရင် ကမ္ဘာမြေကြီး၏ဆွဲအားကြောင့် မိုးစက်တွေအဖြစ် မြေပြင်ကုိကျဆင်းရသေးတာပဲ။ တိမ်လွှာဦးဆိုတဲ့ ကျွန်မကရော
ဘာသားနဲ့ထုထားတာမို့လို့လဲ.......။
.
.
.
"မတိမ်လွှာ အိမ်ရောက်ပြီလေ၊ ကားပေါ်က ဆင်းရအောင်"

အသံခပ်တိုးတိုးလေးက နားထဲစီးဝင်လာတော့
အိပ်ပျော်လု အိပ်ပျော်ဆဲဖြစ်နေသော တိမ်လွှာတစ်ယောက် မျက်လုံးတွေကို အားပြုကာ အသာအယာဖွင့်လိုက်လေ၏။ ထို့နောက် ကလျာ့၏ ပခုံးထက်တွင် စိတ်ရှိတိုင်း မှီထားသော ဦးခေါင်းကို လေးကန်စွာဖြင့် ထောင်လိုက်ပြီး မျက်လုံးအစုံကို လက်ဖြင့်အသာပွတ်လိုက်ကာ ပတ်ဝန်းကျင်ကို တချက်ဝေ့ကာ ကြည့်လိုက်မိသည်။ မိုးလည်းဆဲသွားပြီဖြစ်သလို အလင်းရောင်အနည်းငယ်ပင် မကျန်တော့သော အမှောင်ထုသည်ကား ကြီးစိုးလျက်။
ခြံအဝင်အဝကိုလည်း ဘယ်လိုပင်ဖြတ်၍ မောင်းလာခဲ့သည် မသိ၊ အိမ်ရှေ့စင်ဝင် အောက်ပင် ရောက်နေလေတော့၏။ ကားသည်လည်း စက်သတ်ထားပြီး ဖြစ်သလို ကားခေါင်းခန်းထဲတွင်လည်း ဒေါ်ပျာနှင့် ရဲနောင်တို့ ရှိမနေချေတော့။ ဝါကျင့်ကျင့် ကားမီးအလင်းရောင်သာရှိသော ကားနောက်ခန်းထဲ၌ တိမ်လွှာနှင့် ကလျာ နှစ်ယောက်တည်းသာ။

MSFOMH Side Story(Completed) 💛जहाँ कहानियाँ रहती हैं। अभी खोजें