အခန်း(၂၈)

33.9K 2.9K 82
                                    

အခန်း(၂၈)

ဒီနေ့ကမိုးညိုမောင်နဲ့ရဝေတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင်အလုပ်အကိုင်နေ့ဖြစ်သည်။ထို့ကြောင့်မနက်ခင်းအလင်းမပေါက်ခင်ကတည်းကမိုးညိုမောင်ရဲ့ခြံထဲမှာလူအများကဟိုဒီပြေးလွှားအလုပ်ရှုပ်နေကြ၏။ဒါ့အပြင်ရွာရဲ့အပျို၊ကာလသားအဖွဲ့များကလည်းမိုးလင်းပြီဆိုတာနဲ့လုပ်အားပေးဖို့အတွက်မိုးညိုမောင်ရဲ့အိမ်ကိုတဖွဲဖွဲရောက်လာခဲ့ကြသည်။

🎵ညနေနေရီနေရီ🎵🎵ရေခပ်ချိန်လေးနီးလာပြီ🎵🎵ညနေနေရီနေရီ🎵🎵ရေခပ်ချိန်လေးနီးလာပြီ🎵🎵

ခြံအရှေ့သရက်ပင်ခွကြားမှာဆန့်ကျင်ဘက်တင်ထားတဲ့ဓာတ်စက်ကြီးနှစ်လုံးဆီကနေထွက်လာတဲ့မနောသီချင်းကတောင်အရပ်နဲ့မြောက်အရပ်ကိုကျယ်လောင်စွာပျံ့လွင့်နေသည်။ဟိုဒီပြေးလွှားလုပ်နေရပေမယ့်လုပ်အားပေးတဲ့အဖွဲ့များရဲ့မျက်နှာထက်မှာတော့အပြုံးလေးတွေကိုယ်စီနဲ့ပင်...။အချင်းချင်းဟာသလေးပြောလိုက်၊ရယ်လိုက်၊ဓာတ်စက်ကလွှင့်နေတဲ့မနောသီချင်းကိုလိုက်ဆိုလိုက်၊အလုပ်လေးလုပ်လိုက်နဲ့အရမ်းကိုပျော်ရွှင်နေကြသည်။

" ဖိုးမောင်ရေ...အဲဒီနေရာကိုကြိုးတုတ်လိုက်ကွာ..."

" မြင့်စန်း...အဲဒီနေရာမှာတိုင်တစ်တိုင်ထူလိုက်...သိပ်မနက်စေနဲ့..."

အိမ်ရှေ့ရှိကျယ်ဝန်းတဲ့မြေကွက်လက်တွင်လုပ်အားပေးအဖွဲ့များကကြီးမားတဲ့မဏ္ဍပ်ကြီးကိုဆောက်လုပ်နေကြသည်။အိမ်ရဲ့အနောက်ဘက်မှာတော့အိုးကြီး၊အိုးငယ်အသွယ်သွယ်တို့ဖြင့်ချက်ပြုတ်ပြင်ဆင်သူများကတစ်ဖွဲ့၊ထင်ခွဲရေခပ်သူများကတစ်ဖွဲ့နဲ့အရမ်းကိုစည်ကားလို့နေ၏။

" မိဂျစ်ရေ...ကြက်သွန်တွေခွာလို့ပြီးပြီလား..."

" ပြီးပြီ မတင်မြရေ..."

" အေ...ပြီးရင် ဒီကိုယူခဲ့စမ်းပါ..."

အလုပ်အကိုင်နေ့ဖြစ်တဲ့အတွက်အကြမ်းထည်ဆောက်ထားတဲ့မဏ္ဍပ်ထဲမှာစားပွဲခုံတွေခင်းရင်းအပျိုအဖွဲ့တွေကကြက်သွန်ခွာတဲ့သူကခွာ၊ကွမ်းသီးညှပ်တဲ့သူကညှပ်နဲ့တက်ညီ၊လက်ညီကိုလုပ်ကိုင်နေကြ၏။ကာလသားတွေကတော့ရေထမ်းတဲ့သူကထမ်း၊ထင်းခွဲတဲ့သူကခွဲနဲ့ကိုယ်နိုင်တဲ့ဘက်ကနေအားကျိုးမာန်တက်လုပ်အား​ပေးနေကြသည်။

အချစ် (သို့မဟုတ်) ကျွန်တော့်ယောက်ျားအမူးသမား (Completed )Where stories live. Discover now