အပိုင်း ( ၇ )

8.3K 643 132
                                    

" ဟျောင့် နေဘုန်းမြင့် မင်းက ဒီကို ရောက်နေတာကိုးကွ။ "

နေဘုန်းမြင့်နှင့် စံစံတို့ အိမ်နောက်ဖေး တမာပင်အောက်က ကွပ်ပြစ်ပေါ်မှာ ရေနွေးကြမ်းထိုင်သောက်ကာ စကားပြောနေတုန်း အသံကြားလိုက်ရလို့ ပြိုင်တူလှည့်ကြည့်မိလိုက်ကြ၏။ အနားသို့  ဝါးခမောက်ဆောင်းထားပြီး ပုဆိုးတိုတို၊ ဂင်တိုတိုဖြင့် ဖျင်ကြမ်းအင်္ကျီညိုညိုပါးပါးကို ဝတ်ထားသော လူတစ်ယောက်က ကွပ်ပြစ်နားသို့  လျှောက်လာရင်း အဝေးကနေ နေဘုန်းမြင့်ကို လှမ်းပြောခြင်းဖြစ်သည်။ ထိုလူက အနားရောက်သည်နှင့် နေဘုန်းမြင့်ဘေး ကွပ်ပြစ်ပေါ် တင်လွှဲထိုင်၏။

" မင်း ဒီကို ဘာလို့ ရောက်လာတာလဲကွ။ "

နေဘုန်းမြင့်က အနားတွင် ထိုင်လိုက်သည့် အသားညိုညိုနှင့် လူကို မေးမိပေမယ့်လည်း ထိုလူက ဘာမှ ပြန်မပြောပဲ ဝါးခမောက်ကို ချွတ်ကာ ယပ်ခပ်နေလိုက်သည်။ ယပ်ခပ်ရင်း ရေဆာသောကြောင့် ရှေ့နား၌ ချထားသည့် ရေနွေးဗန်းထဲမှ ငှဲ့ပြီးသား ရေနွေးခွက်ကို လှမ်းယူ၏။ ထိုခွက်က စံစံသောက်ဖို့ နေဘုန်းမြင့် ငှဲ့ထားခြင်းပင် ဖြစ်၏။ ထို့ကြောင့် လက်ကို ဖြတ်ရိုက်ခြင်းခံရသည်။

" အား နာတယ်။ ဘာလို့ ရိုက်တာလဲကွ။ "

ထိုလူက ပြောရင်း လက်ကို နောက်ပြန်ဆုတ်သွားသည်။

" အဲ့ဒါ မင်းသောက်ဖို့ ငှဲ့ထားတာ မဟုတ်ဘူး။ သောက်ချင်ရင် ကိုယ့်ဘာသာ ငှဲ့သောက်။ "

" မသောက်တော့ဘူးကွာ။ "

" အေး မသောက်ရင်လည်း ပြီးရော။ မင်း ငါ့ဆီကို ဘာလာလုပ်တာလဲ ပြောအုံးကွ။ "

" မင်းအရင်နေ့တွေ ထန်းတောထဲကို လာတယ်လေ။ အမြဲလာနေကျ မင်းက အခုမနက် မလာတော့ သေသွားလားဆိုပြီး သတင်းလာမေးတာ။ "

ထိုလူ၏ စကားကြောင့် နေဘုန်းမြင့်လည်း လက်သီးဆုပ်ကာ ရွယ်လိုက်၏။ ထိုအခါ ထိုလူက ကြောက်လန့်သွားကာမျက်နှာမဲ့သွားရသည်။

" မင်းဂျီးတော်ကို ငါက သေစရာလားကွ။ ငါ မိန်းမယူအုံးမှာ သဘောပေါက်လား။ "

" ‌ ဒါနဲ့ သူလေးက ဘယ်သူလဲ။ ငါတစ်ခါမှ မမြင်ဖူးဘူး။ "

စကားပြောနေတုန်း ထိုလူက ဘေးနားက စံစံကို မြင်သွားပုံရ၏။ ထို့ကြောင့် နေဘုန်းမြင့်နှင့် စကားနိုင်လုနေရင်း တန်းလန်း စကားဖြတ်လိုက်ကာ စံစံကို ကြည့်ရင်း မေးလိုက်သည်။ ထိုအခါ ခုနက ပြုံးနေသည့် နေဘုန်းမြင့်၏ မျက်နှာက ရုတ်တရက် တည်သွားသည်။

အချစ်ရှိရာ [Completed]Where stories live. Discover now