အပိုင်း ( ၂၄ )

7.1K 493 124
                                    






" ဘာ ! စံလေး ပြန်သွားပြီ ဟုတ်လား။ "

ရုတ်တရက် အော်ကာ မေးလိုက်သည့် အသံက ကြောက်လန့်စရာ။ ရင်ထဲ ထိတ်သွား၍ သက်ထားခင်ဟာ ရင်ဘက်နှစ်စုံကို လက်နှစ်ဖက်ဖြင့် ဖိထားမိလျက် ဘုရား တ,မိသွားသည်။ နေဘုန်းမြင့်က သတ်တော့မည့်၊ ဖြတ်တော့မည့် ပုံစံအတိုင်း။ မျက်ဝန်းတွေက ချက်ချင်း ရဲတွတ်လာကာ နှုတ်ခမ်းတွေ တုန်ရင်နေသည်။ မျက်ဝန်းတွေအပြင် မျက်နှာတစ်ခုလုံး ချက်ချင်း ရဲတွတ်လာသည်။ အသက်ရှူသံ ပြင်းပြင်းက ဆောက်တည်ရာ မရတော့သလိုပင်။ နေဘုန်းမြင့် ယခုလိုမျိုး ဖြစ်တာမျိုး သက်ထားခင် တစ်ခါမှ မမြင်ဖူးခဲ့ပေ။ စိတ်သဘောထား အမြဲ ပြည့်ဝလှကာ ပျော်ပျော်ပဲ နေတတ်သည့် နေဘုန်းမြင့်က ယခုကျ အရမ်း ထိတ်လန့်စရာကောင်းနေပါ၏။ သည်ပုံစံက ဒေါသထွက်နေတာလား၊ အရမ်းလန့်နေတာလား။ သက်ထားခင် မဝေခွဲတတ်။

" စံလေးက ဘာလို့ ပြန်သွားရတာလဲ။ "

သက်ထားခင်က နေဘုန်းမြင့်ကို လန့်နေသဖြင့် အိမ်ထဲသို့ ပြန်ဝင်တော့မည့် အချိန်မှာ မေးလာသည် ဖြစ်၍ အိမ်ထဲသို့ မဝင်တော့ချေ။ နေဘုန်းမြင့်၏ ဒေါသတွေ အကုန်လုံး မိမိအပေါ် ပုံချပြစ်မှာကိုလည်း လန့်နေမိသည်။ မေးသည်ကို ဖြေလျှင် ကောင်းမလား၊ မကောင်းဘူးလား မြန်မြန် စဉ်းစားကာ ဖြေရန် ဆုံးဖြတ်လိုက်သည်။

" မသိဘူး နေဘုန်းမြင့်ရဲ့။ "

" ဘာ ! မသိဘူး ဟုတ်လား။ နင်နဲ့ စံလေးက တစ်အိမ်တည်း နေတာ မဟုတ်ဘူးလား။ နင်က ဘာဖြစ်လို့ မသိရတာလဲ။ တောက် ! "

တကယ်တော့ နေဘုန်းမြင့်နှင့် သက်ထားခင်က ပြောမနာ၊ ဆိုမနာ ငယ်သူငယ်ချင်းတွေပါ။ ဘယ်လောက် စိတ်ဆိုးအောင် ပြောပြော စိတ်မဆိုးတတ်ကြ။ ယခုလည်း နေဘုန်းမြင့်က အလိုမကျစွာ အော်ငေါက်၊ တောက်ခေါက်မိတော့ သက်ထားခင်က စိတ်မဆိုးပါ။ လန့်တော့ လန့်မိ၏။ တကယ်ဆို သက်ထားခင်လည်း စံစံ ပြန်သွားရသည့် အကြောင်းအရင်းကို သေသေချာချာ၊ ဂဃနဏ မသိရှိချေ။

" ငါတကယ်ပြောတာပါ နေဘုန်းမြင့်ရယ်။ စံစံက နင်နဲ့ပဲ ပူးပူးတွဲတွဲ နေတာလေ။ မနေ့ကလည်း နင်နဲ့ တစ်နေ့လုံး နေတာ။ ညကျ စံစံနဲ့ ငါနဲ့ စကားမပြောဖြစ်ဘူးဟ။ စံစံက အစောကြီး အိပ်သွားတာ။ ခုမနက်ကျမှ ငါ့အဖေကို အောင်ရွှေပင်မြို့ကို လိုက်ပို့ပေးပါဆိုလို့ ငါအဖေလည်း ခုမနက်မှ ကမန်းကတန်းလိုက်ပို့ပေးရတာပါ။ ဘာလို့ ပြန်တာလဲဆိုတာ ငါမေးတယ်။ သူ့ကို မေးလို့ မရဘူး။ သူက အတင်းပြန်သွားတာပဲ။ "

အချစ်ရှိရာ [Completed]Where stories live. Discover now