1

11.6K 521 31
                                    

နေရောင်ခြည်ပင် ငုံ့လျှိုးပျောက်ကွယ်နေဆဲ မနက်ခင်း၏ မှုန်၀ါး၀ါးအလင်းရောင်ထဲ ပျင်းတွဲတွဲလမ်းလျှောက်လာသူ ကောင်လေးတစ်ယောက်။လက်ထဲတွင်လည်း တိုလီမုတ်စအထုတ်ကြီးအား မနိုင်မနင်းဆွဲကာ မပွင့်သော မျက်လုံးတို့ကို အတင်းဖွင့်ထားရ၏။စျေးသွားပြီး အိမ်ပြန်လာသည့်အထိကို သူအိပ်ချင်မပြေသေးခြင်းဖြစ်သည်။ဘယ်လောက်တောင် အိပ်ရေးမက်သလဲဆို ဘတ်စ်ပေါ်စိတ်ချလက်ချအိပ်ရင်းလိုက်ပါပြီး ကားမှတ်တိုင်ကျော်မည့်ကိန်းမှ လက်မတင်လေး ကပ်လွတ်သွားရတဲ့အထိ။

ကံကောင်းသည်က ကားဆရာဦးလေးကြီး၏ အသံကို နားနားတွင်ကြားလိုက်ရသဖြင့်သာ သူနိုးလာခြင်းဖြစ်သည်။ဒီလိုရက်ပေါင်းတွေများလာလေ လာလာနှိုးပေးသည့် ကားဆရာဦးလေးကြီးကို နေ့တိုင်းကျေးဇူးတင်ရလေဖြစ်သည်။

သူတို့မိသားစု ဆိုလ်းသို့ပြောင်းလာတာ သုံးလပင်ပြည့်တော့မည်...။

မနက်ခင်းတိုင်း အဘွားဆိုင်ဖွင့်ဖို့ လိုအပ်တာတွေအတွက် ခိုင်းစရာအလုပ်သမားက ဟောဒီ့မြေးလေး တစ်ယောက်သာရှိသည်မို့ သူကချည်းဒိုင်ခံ၀ယ်ပေးရမြဲ။

အသက်ကကြီးလာတော့ နေရာတကာ သွက်လက်မနေနိုင်တော့သည့် အဘွား။
လက်ငုတ်လက်ရင်း ၀က်စွတ်ပြုတ်ဆိုင်လေးကို ဆိုလ်းအထိပြောင်းကာ ပြန်လည်အသစ်ဖွင့်လှစ်ခဲ့ရသည့်အထိ အဓိကတရားခံကိုပြပါဆိုလျှင်...ဟောဒီကမြေးလေးပင်ဖြစ်သည်မို့ အဘွားခိုင်းသမျှကို ဘာအထွန့်မှ မတက်ရဲပေ။

ရပ်ကွက်၏ လမ်းမထိပ်ရှိ ဂိမ်းဆိုင်တွင် မိုးမလင်းခင်ကတည်းက လူစည်လျက်ရှိသည်။ကလေးတွေ နေ့မအိပ်ညမနား လာရောက်ကြိုးစားနေကြခြင်း။သူလည်း ကြိုးစားချင်ပါ၏။ကြက်ကြော်လေး တစ်ခြင်း၊ ကိုကာကိုလာလေး တစ်ဘူးနှင့်ကီးဘုတ်ပေါ်မှာ သူလည်း ကြိုးစားချင်လှပါဘိ။

သို့သော် သို့သော် အဘွား၏ လူသတ်လက်နက်အသွင်ဖြင့် စက်ကွင်းမလွတ်နိုင်အောင် စွမ်းအင်အမျိုးပေါင်းများစွာ ထုတ်လွှင့်တတ်သော ပါးစပ်ပေါက်လေးတစ်ခုရှိသည်မို့ သူ့မှာ သက်ပြင်းနာနာချရင်းပင် အိမ်ပြန်လာခဲ့ရသည်။

THE 17 Where stories live. Discover now