အပိုင်း - (၉)

2.9K 343 13
                                    

(Zawgyi)

မမ ဟာ ခေတ်ကို မချစ်ဘဲနှင့် သူမချစ်သူကို မေ့ပျောက်နိုင်ဖို့ရာ ခေတ်အား အသုံးချခဲ့သည်ကို အသေအချာသိသွားပြီးသည့် နောက်မှာလည်း ခေတ်ဘက်မှ မမအား ဂရုစိုက်မှုမပျက်ခဲ့....ခေတ်ရဲ့ ချစ်မေတ္တာပေးမှုတို့သည်လည်း တစ်စက်လေးမှ မလျော့ခဲ့။

ခေတ် မွေးလာကတည်းက ပါလာသော ကံကြမ္မာဟာ အရာရာတိုင်းတွင် အချစ်ခံဖို့မဟုတ်ဘဲ ချစ်တတ်ပေးဖို့သာ ပါလာသည့်ကံဖြစ်တာကြောင့် ဘဝတွင် လက်တွဲဖော်တစ်ယောက် ရှိလာခဲ့ပါက ခေတ် မျှော်မှန်းထားခဲ့သော ခေတ်ဘက်ကသာ ချစ်ရမည် ဆိုသည့် အချစ်ရေးဟာ အမှန်ပင်ဖြစ်လာလေသည်။

ထို့ကြောင့် ထူးကဲပြီးတော့လည်း ခေတ် ဝမ်းနည်းမနေခဲ့ပေ။ မမကို ခေတ် ပိုင်ဆိုင်ထားရတာ မဟုတ်လား။ ဒီတစ်ချက်နှင့်ပင် ခေတ်ရဲ့အရာရာ ပုံပေးဖို့ ထိုက်တန်နေပြီလေ။

သို့ပေမဲ့ ခေတ်တို့နှစ်ယောက် ဆက်ဆံရေးမှာတော့ ခေတ် အမုန်းဆုံးလူတစ်ယောက်ရှိခဲ့သည်။ ထိုသူမှာ တစ်ခြားတော့မဟုတ်...မမနှင့် ခင်မင်ခဲ့သော ကာလတွေတုန်းက ခေတ်ကိုယ်တိုင် မမနှင့်အဆင်ပြေစေချင်ခဲ့သော၊ ခေတ်ကိုယ်တိုင်ပဲ မမကို ထိုသူ့ဆီသို့ ပြန်သွားဖို့ ကြိမ်ကြိမ်ပြောခဲ့သော မမ၏ ရည်းစားဟောင်းပင်။

ခေတ်အတွက်တော့ သူမဟာ သိပ်လွန်သည်ဟုထင်မိသည်။ မမက သူမအား facebookတွင် friendအနေဖြင့်ထားထားသည်။ အဲ့အထိဟာ ခေတ်လက်ခံလို့ရသေးသည်။ သို့ပေမဲ့ သူကိုယ်တိုင် စွန့်ပစ်ခဲ့သော အမျိုးသမီးတစ်ယောက်၏ postများအောက်တွင် အရှက်မရှိစွာ commentပေးလိုက်၊ likeပေးလိုက်၊ စာပို့လိုက်လုပ်တာဟာ ခေတ်အတွက်တော့ တော်တော်မနှစ်မြို့စရာကောင်းသော လုပ်ရပ်ဖြစ်သည်။

နားလည်အောင်ပြောရရင်တော့ ခေတ်သဝန်တိုမိတယ်ပေါ့လေ။ ပြီးတော့ စိတ်ဆိုးမိတယ်ပေါ့။ မမကို စိတ်ဆိုးတာမျိုး မဟုတ်ဘဲ...ထိုအမျိုးသမီးကိုသာ စိတ်ဆိုးတာ...ခေတ်နှင့်သာ သက်ဆိုင်တော့သော မမ၏ ဘယ်နေရာမှာ မဆို သူလာပတ်သက်တာမျိုးကို ခေတ် မလိုချင်။

ခေတ်ရဲ့ စိတ်နှင့်သာဆိုလျှင် ထိုအမျိုးသမီးအား ခေတ်မမကိုမပတ်သက်ဖို့သွားပြောပြီးလောက်ပြီ။ ထိုအခြေအနေဖြစ်ဖို့ အကယ်၍များ မမသာ ခေတ်ဘက်မှာ ရှိခဲ့လျှင်ပေါ့...။

Te Amo Por Siempre (I Love You Forever)Where stories live. Discover now