အပိုင်း - (၁၁)

3.2K 348 15
                                    

(Zawgyi)

လွန်ခဲ့သော ရက်(၂၀)လောက်ကပင် ထည့်ထားသော အဝတ်အိတ်ထဲသို့ ဆယ်တန်းအောင်လက်မှတ်၊ ကျောင်းသားကဒ်၊ မှတ်ပုံတင်နှင့် လိုအပ်သောပစ္စည်းများအား ခေတ် ထပ်ထည့်လိုက်သည်။ ရှင်းလင်းနေသော ခေတ်အခန်းလေးအား မျက်လုံးဝေ့ကာ တစ်ချက်ကြည့်၍ ​ကျောခိုင်းလိုက်မိသည်။

သံယောဇဉ်ဟာ ဒီနေ့ဒီနေရာမှာတင်ပင် ဖြတ်တောက်ပစ်လိုက်ပြီဖြစ်သည်။

လူချင်းမတွေ့ရသေးသော ရက်(၂၀) ကာလပတ်လုံး၌ ခေတ်နှင့်မမ ထွက်ပြေးကြဖို့ အစီအစဉ်ဆွဲခဲ့ကြသည်။

ကျေးဇူးတင်မိတာကတော့ မမကိုပါ။ ခေတ်ကို ယုံကြည်ပေးလို့ရော၊ ခေတ်ကို ချစ်ခင်ပေးလို့ရော၊ ခေတ်နှင့်အတူတူ အနာဂတ်ကိုလျှောက်လှမ်းရဲသော သတ္တိတွေရှိသည့် အတွက်ကြောင့်ရောပါ။

ကြာလာတာနှင့်အမျှ ခေတ်တို့နှစ်ယောက်ကို သဘောတူဖို့ဆိုသည့် အကြောင်းထက် ခေတ်တို့နှစ်ယောက်စလုံး တစ်ဖြည်းဖြည်းနှင့်ပင် ဝေးကြရတော့မှာကို သိလာတာကြောင့် အခုလိုထွက်ပြေးဖို့စီစဉ်လိုက်ခြင်းပင်။

ထွက်ပြေးဖို့ စီစဉ်သည်ဆိုတာဟာ စဉ်းစားလိုက်တော့သာ လွယ်တာပါ။ အိမ်က သဘောမတူမှုကြောင့် မျက်စိဒေါက်ထောက်လိုက်ကြည့်မှုကနေ အခုလို ရှောင်ထွက်နိုင်ဖို့လုပ်ရတာကတော့ တော်တော်လေးမလွယ်ခဲ့ပေ။

မမကတော့ ရုံးသွားရင်းနှင့်ပင် အင်္ကျီအဝတ်အစားများကို တစ်ဖြည်းဖြည်းသူငယ်ချင်းအိမ်သို့ နည်းနည်းစီဖြင့်သယ်သည်။ ခေတ်ကတော့ အိမ်ထဲကနေ အိမ်အပြင်သို့ မထွက်ရတော့ မေမေတို့ မရှိသည့်အချိန်ကိုချောင်းရသည်။ ဖြစ်ချင်တော့ ဒီနေ့မှ မေမေမှစကာ အိမ်ရှိလူအကုန် အိမ်တွင်မရှိတော့ ခေတ်အတွက် အခွင့်အရေးတစ်ခုဖြစ်လာသည်။

မေမေက သူမ၏ သူငယ်ချင်း ဆုံးသွား၍ နာရေးလိုက်ပို့တာကြောင့်ပါ။ အိမ်တံခါးနှင့် ခြံတံခါးအားသော့ပိတ်ကာ ခေတ်ကို အိမ်တွင်ထားခဲ့သည်ပေါ့လေ။ မေမေသွားသည် ဆိုတာနှင့် ခေတ်က ခေတ်၏ စွန့်စားခန်းကိုစဖွင့်ရတော့သည်။ ခေတ်ယူစရာရှိသည့် ပစ္စည်းများအား ယူပြီးတာနှင့် အိမ်တံခါးပိတ်ထာသောကြောင့် အိမ်ပေါ်ရှိ ပြတင်းပေါက်ကနေပင် အထုပ်တွေပစ်ချကာ ခေတ်ပါခုန်ဆင်းလိုက်သည်။ ပြီးတာနှင့် အပိုယူထားသော ခြံတံခါးသော့ကိုဖွင့်ကာ ပုံစံမပျက် ပြန်ပိတ်ထားခဲ့လိုက်သည်။

Te Amo Por Siempre (I Love You Forever)Where stories live. Discover now