Ep - 2

260 58 3
                                    


သစ်သားစားပွဲ ခုံဝိုင်းပေါ်မှာ စောင်ကြမ်း တစ်ထည်ကို ခင်းပြီး ပုဆိုးအနွမ်း တစ်ထည်ကို အပေါ်က ထပ်လိုက်သည်။ ဒီနေ့ ကိုင်ရမည့် အပ်ထည်ကို ခုံပေါ် တင်ပြီး ကိုယ်တိုင်း မှတ်ထားသည့် စာအုပ်ကို လှန်လိုက်သည်။ ဒါက မေရီ မနက်တိုင်း လုပ်နေကျပင်။ အလင်းရောင် ကောင်းကောင်းရသည့် ပြတင်းပေါက်နားမှာ အိမ်ချုပ်စက်နဲ့ ဓားစက်တစ်လုံး ရှိသည်။

မေရီ့ရဲ့ အထည်ချုပ်သည့် ဝင်ငွေဖြင့် အိမ် စားဝတ်နေရေးကို ဖြေရှင်းသည်။ ပိုင်ပိုင့်ကို ကျောင်းထားပေးသည်။ ပိုင်ပိုင်ကလည်း အိမ်ရဲ့ ဝေယျာဝစ္စတွေကို တစ်ဖက်တစ်လှမ်းက ကူပေးသည်။ စဉ့်အိုးတွေ ရေပြည့်နေဖို့နဲ့ ထင်းခွဲသည့် အလုပ်ကို ပိုင်ပိုင်က မပျက်မကွက် ထမ်းဆောင်သည်။ ပရိဘောဂ ပစ္စည်းတွေမှာ ဝါသနာထုံသည့် ပိုင်ပိုင်က လက်သမားဆရာ ဦးမြအေးဆီမှာ တပည့်ခံသည်။ ဦးမြအေးက မိန်းမ မရှိသည့် အသက်လေးဆယ်ကျော် လူရိုးလူဖြောင့် လူပျိုကြီး ဖြစ်သည်။ နည်းနည်းပါးပါး သောက်စားတတ်ပေမဲ့ အနေ အေးသည်။ ပိုင်ပိုင်က ကျောင်းပိတ်ရက်တိုင်း ဦးမြအေးဆီ ရောက်သွားတတ်လေ့ ရှိကာ လက်သမား ပညာကို သင်ယူသည်။ ခုဆို ဗီရိုလေး ဘာလေး နည်းနည်းပါးပါး လုပ်တတ်နေပြီ ဖြစ်၏။

ပိတ်တစ်စကို ခုံပေါ် ဖြန့်ချိန်မှာပဲ ပိုင်ပိုင်က အခန်းထဲက ထွက်လာ၏။ ထုံးစံအတိုင်း အင်္ကျီနှစ်ထပ် ဝတ်တတ်သည့် ပိုင်ပိုင်က စပန့် လက်ရှည်ကွက်စိပ်ကို ကြယ်သီးတစ်လုံးမှ မတပ်ထား။

" လက်က ကြယ်သီးကို တပ်လေ။ ဖက်လက် ဖက်လက်နဲ့ ခွေးလိုက်ကိုက်မယ်။ ဖိုသီဖတ်သီနဲ့ လူမြင်လို့လည်း မကောင်းဘူး "

" လူမြင်မကောင်းလည်း ဘာဖြစ်တာမို့။ သူတို့ကို လိုက်ကြည့်ခိုင်းနေတာမှ မဟုတ်ဘဲ။ ဘာခွေးမှလည်း မကိုက်ရဲဘူး။ ကျွန်တော်က ပြန်ရိုက်တတ်လို့ "

" လူဆိုတာ တစ်ဦးတစ်ယောက်တည်း သီးသန့် နေလို့ ရတာမဟုတ်ဘူး ပိုင်ပိုင်ရဲ့။ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်လည်း နေတတ် ထိုင်တတ်ရတယ် "

" ကြယ်သီးတွေ တပ်ထားရင် မွန်းကြပ်လို့ပါ မမရာ။ အရင်ကလည်း ဒီလိုပဲ ဝတ်နေကျကို .. မဆူနဲ့တော့နော်။ မမပဲ မောလိမ့်မယ်။ ကျွန်တော်က နားထောင်မှာလည်း မဟုတ်ဘူး  "

ပစ္စန္တရစ်ကို ကျောခိုင်း၍Where stories live. Discover now