Ep - 20

101 11 0
                                    

အခန်း (၂၀)

" ဆက်ဆက် စောင့်နေ။ မြသက်ကို သတ်ခဲ့သလို ငါ မင်းကို လာသတ်မှာ။ ငါ့လက်ထဲမှာ ဆိုးဆိုးရွားရွား သေစေရမယ် "

ကြောက်မက်ဖွယ် အသံက ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ အသံပိုင်ရှင် ယောက်ျား၏ မျက်နှာမှာ ခက်ထန် ကြမ်းတမ်းမှု အပြည့်။ သို့ပေမဲ့ ပုံရိပ်သွင်ပြင်မှာ အတိအကျ မြင်ရခြင်းမျိုး မဟုတ်ဘဲ လျှပ်တပြက်ဆိုရုံသာ။

ခေါင်းကို ခါကာ အခါခါ ငြင်းသော်လည်း ထိုလူက ပိုင်ပိုင့်ကို စိုက်ကြည့်နေသလို ခံစားရသည်။ ထိတ်လန့် တုန်လှုပ်မှုကြောင့် ခြေအစုံမှာ မရွေ့နိုင်ဘဲ ကြောင်အစွာ ရပ်နေမိသည်။

နုံချာသည်။ ပြန်လည် ချေပဖို့ မဝံ့ရဲသည်အထိ သတ္တိက နည်းလှသည်။ ထိုလူ၏ ခြောက်လှန့်မှုက ပိုင်ပိုင့်အပေါ် အားကောင်းစွာ သက်ရောက်သည်။ ကြောက်ရွံ့မှုကြောင့် မျက်ရည်စတို့သာ ဝေ့သီလျက်။ ခန္ဓာမှာ တုတ်တုတ်မျှ မလှုပ်သာပေ။ ဘာတစ်ခုမှ မတုန့်ပြန်နိုင်၍ အားနည်းလှသည်ဟု ထင်မှတ်ကာ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ရသည်။

" မင်း ဘယ်ပြေးမလဲ။ ပြေးလေ။ ပြေး။ ငါက မင်းကို မရှာနိုင်ဘူးများ ထင်နေလား။ ဟား ဟား ဟား "

ကျယ်လောင်သည့် ဟားတိုက် ရယ်သံက ကြောက်မက်ဖွယ် တစ္ဆေတစ်ကောင်နှယ်။ ထိုလူက သူ့အား မုန်းတီးစွာ စိုက်ကြည့်နေသည်။ ထိုလူ၏ မျက်ဝန်းထဲရှိ ဒေါသအမျက်မှာ မီးတောက် တစ်ခုသဖွယ် လောင်ကျွမ်းဖို့ အသင့် ဖြစ်နေသည့်ပမာ။ အသံပိုင်ရှင်၏ ပုံရိပ်မှာ ရှင်းလင်း ပြတ်သားမှု မရှိ။ ဝေးလာလိုက်၊ နီးလာလိုက်ဖြင့် အသံ တစ်ခုတည်းကသာ သူ့ဘေးပတ်ချာလည်တွင် ကျယ်လောင်စွာ မြည်ဟီးနေခြင်းပင်။

" ငါ့လက်က လွတ်မယ်များ ထင်နေလား။ ဟမ် ! စိတ်ကူးတောင် မယဉ်နဲ့။ ငါ မင်းကို လာမသတ်မချင်း အေးဆေး သေရမယ် မထင်နဲ့ "

ကျိန်စာတစ်ခုသဖွယ် ချည်နှောင်နေသည့် စကားစုကြောင့် ပိုင်ပိုင် ကူကယ်ရာမဲ့စွာ ထွက်ပြေးဖို့ ကြံမိသည်။ သို့ပေမဲ့ သူ့ခန္ဓာမှာ လှုပ်ရှားလို့ မရပေ။ သူ မမြင်ရသော စွမ်းအား တစ်ခုခုက ပိတ်လှောင်ထားသည့်ပမာ ရုန်းထွက် မရပေ။

ပစ္စန္တရစ်ကို ကျောခိုင်း၍Dove le storie prendono vita. Scoprilo ora