Ep - 15

195 29 2
                                    

စက်ဘီးနှစ်စီးက မြေညီလမ်းလေးပေါ် တရွေ့ရွေ နှင်နေသည်။ ပိုင်ပိုင့် စက်ဘီးရဲ့ ကယ်ရီယာ ခုံမှာ မေရီက လိုက်ပါသည်။ ရှင်းသန့်ရဲ့ စက်ဘီးက ပိုင်ပိုင်နဲ့ ခပ်ခွာခွာ အနေအထားမှ ဘေးချင်း ယှဉ်လျက်။ မြတ်သူက ပျဉ်းမပင်ကြီးအောက်မှာ ကြိုတင် ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ရှင်းသန့် တစ်ယောက်တည်း စီးနင်းလာရ၏။

ညနေခင်း လေပြည်အေးက ယဉ်ပါးစွာ လှိုက်ခတ်လျက် အေးမြမှုကို ဆောင်ကြဉ်း ပေးသည်။ ဘေးမှ လိုက်ပါလာသော ရှင်းသန့်ကို မေရီက ငဲ့ကြည့်ကာ ပြုံးပြရင်း နှုတ်ဆက်တော့၏။

" မြတ်သူရော ပါမလာဘူးလား "

" ကိုသူက ရွာထိပ်မှာ ကြိုရောက်နေတာ မလင်းရေ "

ရှင်းသန့် အသံကို ကြားရသည်နှင့် တပြိုင်နက် ပိုင်ပိုင်က တစ်ချက် ငဲ့ကြည့်လာသည်။ မျက်ဝန်းချင်း ဆုံစည်းခိုက် ရှင်းသန့် အလျင်အမြန် ပြုံးပြလိုက်ပေမဲ့ ပိုင်ပိုင့်ရဲ့ တုံ့ပြန်မှုက ဗလာနတ္ထိသာ ဖြစ်၏။ စက်ဘီးကိုတော့ ဆက်၍ နင်းဆဲ။ လေနုအေးလည်း လွင့်၍ နေမြဲ။

ပျဉ်းမပင်ကြီးအောက်မှာ မြတ်သူက မတ်မတ် ရပ်လျက် သူတို့ကို စောင့်မျှော်နေသည်။ ရှင်းသန့် စက်ဘီးပေါ်က ဆင်းကာ ဒေါက်ထောက်လိုက်၏။

" ဂစ်တာ ယူလာတာလား "

" အေး။ နွယ်လည်း လာနေပြီ။ မုန့် ဝင်ဝယ်နေလို့ "

ရှင်းသန့်ရဲ့ အမေးကို ပြန်ဖြေပြီးနောက် မြတ်သူက အပင်အိုကြီးအောက် ထိုင်ချဖို့ ပြင်လေသည်။ အိမ်က ယူလာသည့် မြက်ဖျာတစ်ချပ်ကို မေရီက မြေသားထက် ခင်းကျင်းလေသည်။

သစ်ပင်မှာ ကပ်လျက် ထောင်ထားသည့် ဂစ်တာကို ရှင်းသန့် ယူလိုက်ပြီးနောက် ရင်ဝယ်ပိုက်ကာ ကြိုးများ ခတ်ဖြစ်၏။ ထိုစဉ် မလှမ်းမကမ်းမှ စက်ဘီး ဘဲလ်သံနဲ့အတူ နွယ်ကလည်း ရောက်ရှိလို့ လာသည်။

" ဝါး .. ဒီနေ့တော့ သီချင်းပါ နားထောင်ရတော့မှာပဲ "

ရှင်းသန့် လက်ထဲက ဂစ်တာကို မြင်ကာ အားရ ဝမ်းသာ ဆိုလာသည့် နွယ်က မုန့်ထုပ်နဲ့ အအေးဘူးတွေကို အလယ်မှာ နေရာချနေသည်။ မေရီကလည်း ဝိုင်းကူရှာသည်။ ဖိနပ် ငါးရံက ဖျာချပ်ရဲ့ ဘေးတစ်ဖက်မှာ စုပုံကာ ငြိမ်ဝပ်လျက်။

ပစ္စန္တရစ်ကို ကျောခိုင်း၍Where stories live. Discover now