အပိုင်း(၃)

213 38 88
                                    

........''ကျွန်တော့်ရဲ့သံစဉ်''........အပိုင်း(၃)

အမေတစ်ခု သားတစ်ခု ဘဝမှာ ဘွဲ့တစ်ခုရဖို့ တော်တော်လေး ရုန်းကန်လှုပ်ရှားခဲ့ရပါသည်။
ဘွဲ့ရပြီးပြန်တော့လည်း အလုပ်တစ်ခုလောက်ရဖို့အရေး ဘုရားတရားတလိုက်ရတာပြောမနေပါနဲ့တော့။

နေ့စားလပေးကျောင်းဆရာ (အရပ်ထဲမှာတော့ ဆွဲခန့်လို့ခေါ်ပါသည်) အဖြစ် အလုပ်ရတော့ ကျွန်တော်တစ်ခါမှ မကြားဖူး၊ မရောက်ဖူးတဲ့ ဒေသတစ်ခုကို တာဝန်ကျခဲ့ရပါသည်။

ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်ပါသည် ဆိုပြီး လက်မှတ်ထိုး ကတိခံရတာကိုး။

စစ်ကိုင်းတိုင်းဒေသကြီး ရဲ့ ထိပ်အစွန်ဒေသတစ်ခု.....။
မြောက်ဘက်ကိုတန်းတန်း ဆက်တက်သွားရင် နာဂတောင်တန်းဒေသ၊ အရှေ့ဘက်မှာ ခပ်ရေးရေးလှမ်းမြင်နေရတဲ့ ဟုမ္မလင်းမြစ်၊ အနောက်ဘက်မှာတော့ ချင်းတောင်တန်းကြီးတွေ ဝန်းရံထားတဲ့ တောင်ခြေ ရွာလေးပါ။

ကျွန်တော်နေတဲ့ မြို့ကနေ ကုန်ပစ္စည်းတွေ ပြည့်သိပ်ထိုးကြပ်နေအောင် တင်ထားပြီး လူစီးသီးသန့်လို့ ခေါင်းစဉ်တပ်ထားတဲ့ ကားကြီးနဲ့ နှစ်ညအိပ်သုံးရက်ခရီးသွားပြီး ချိန်မှာ ချင်းတောင်တန်းကြီးတွေအခြေက မြို့တစ်ခုကို ရောက်မယ်။

အဲဒီကနေ ဆိုင်ကယ်နဲ့ နောက်ထပ် ၄ နာရီလောက် ဆက်သွားရင် ကျွန်တော်တာဝန်ကျတဲ့ ရွာလေးဆီကို ခွဲပြီး ဝင်ရမယ့် ရွာသာဆိုတဲ့ လမ်းခွဲထိပ်ကို ရောက်မယ်။

နွေလို ဆောင်းလို ပွင့်လင်းရာသီဆိုရင် ရွာထိအရောက် ဆိုင်ကယ်နဲ့ သွားလို့ရပေမယ့် မိုးရာသီဆိုရင်တော့ ဒီ ရွာသာလမ်းခွဲက လမ်းအဆုံးဘဲ။
ဆိုင်ကယ်နဲ့သွားလို့ရတဲ့ လမ်းအဆုံးဘဲ။

ဒီလမ်းခွဲကနေ ကျွန်တော့ရဲ့ရွာလေးဆီကိုတော့ လမ်းလျှောက်သွားမလား... ခြေလျင်သွားမလား၊ ကုန်းကြောင်းသွားမလား... ကြိုက်ရာရွေးပေါ့။

အကြာကြီးမလျှောက်ရပါဘူး။
နောက်ထပ် နှစ်နာရီသာသာ လောက်ပါဘဲ။
လမ်းကြောင်းတော့ သိဖို့လိုမယ်။
လမ်းမသိရင်လဲ ဖုန်းကြိုဆက်လိုက်လို့ရတယ် ​​။
လမ်းခွဲကနေ လာကြိုပေးကြလိမ့်မယ်။

''ကျွန်တော့်ရဲ့သံစဥ်''Where stories live. Discover now