အပိုင်း(၈)

111 20 37
                                    

"သံစဥ်" ... အပိုင်း(၈)

ဧကရဲ့အလုပ်မှာ ကျွန်တော်ဝင်ပြီး ကူညီခဲ့ရတဲ့အကြောင်းတွေ ပြောခဲ့ပါပြီ။
ဒီတစ်ခါတော့ မောင်ဧက ကျွန်တော့်အလုပ်မှာ ဘယ်လိုတွေ ပြန်ပြီး ကူညီသလဲဆိုတာတွေ ပြောပြရပါအုံးမယ်။

ဖိုင်ရန်ရွာကျောင်းက အခြေခံပညာမူလတန်းအဆင့်ပါ။
သူငယ်တန်းကနေ လေးတန်းထိပေါ့။

ကျွန်တော် ဒီကိုရောက်တဲ့အချိန်မှာ သူငယ်တန်းကနေ လေးတန်းအထိ စုစုပေါင်းကျောင်းသား ၅၀လောက် ရှိပါတယ်။
အတန်းစုံ စုစုပေါင်း၅၀ စာသင်တဲ့အချိန်မှာတော့ တစ်တန်းချင်း တစ်ဖွဲ့ချင်းခွဲသင်ရပါတယ်။

အင်အားအများဆုံးကတော့ ၂၅ယောက်ကျော်ရှိတဲ့ သူငယ်တန်းအုပ်စုဘဲ။
ကျောင်းအပ်စာရင်းအရ တရားဝင်သူငယ်တန်းက ၁၅ယောက်ဘဲ ရှိတာပါ။
ကျန်တဲ့အဖွဲ့ကတော့ ရွာထဲက သူတို့မိဘတွေအလုပ်မအားလို့ ပို့ထားတဲ့ ကျောင်းပျော်အုပ်စုပါ။

ဒီမှာက အိမ်မှာရှိတဲ့ မိဘတွေနဲ့ မိသားစုရှိသမျှ လူအကုန် တနေကုန် လယ်ထဲကိုင်းထဲဆင်းနေကြတော့ သူတို့အိမ်တွေမှာ ကလေး ထိန်းမယ့်သူမရှိပါဘူး။

အဲ့ဒီကလေးထက် နဲနဲကြီးမယ့် အကို ဒါမှမဟုတ် အမတွေကဘဲ ခါးထစ်ခွင်ပြီး ရပ်ထဲရွာထဲ အိမ်တကာလှည့်ဆော့ရင်း ကလေးထိန်းကြရပါတယ်။

ဒီအကို ၊ အမတွေက ကျောင်းသွားကြတော့မယ်ဆိုတော့လဲ သူတို့တွေ ထိန်းကြရတဲ့ ကလေးငယ်လေးတွေကို ဘယ်မှာမှ ထားခဲ့လို့ ဖြစ်တာမဟုတ်တော့ ဒီစာသင်ကျောင်းကိုဘဲ ခေါ်လာခဲ့ကြပါရော။

ဒီကလေးပေါက်စလေးတွေကို ဒီလိုမှမခေါ်လာဘဲနဲ့ သူတို့တတွေ စာလာသင်ဖို့၊ ကျောင်းလာဖို့ဆိုတာ မဖြစ်နိုင်တဲ့အဆုံး ကျွန်တော့်ရဲ့ ကျောင်းတော်ကြီးဟာ နေ့ကလေးထိန်းကျောင်း ဖြစ်လာတော့တာပါဘဲ။

နောက်ဆုံးတော့ ကျွန်တော်ပြောသလို အင်အားအများဆုံး သူငယ်တန်းအုပ်စုကြီးဖြစ်လာခဲ့ပါရော။
အင်အားလဲများသလို ဂရုအစိုက်ရဆုံး၊ အဆော့ဆုံး၊ နားအငြီး ဆုံးအဖွဲ့ပါ။
ငိုသံ၊ရီသံ၊အော်သံ၊ ရန်ဖြစ်သံတွေ ပွက်ပွက်ကိုညံလို့။

''ကျွန်တော့်ရဲ့သံစဥ်''Where stories live. Discover now