နိဒါန်း

18 1 1
                                    

Baby Blues ဟူသည် မီးဖွားပြီးစ အမျိုးသမီးများ အနေနှင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ ရင်ဆိုင်ရသော အခြေ‌အနေကို ဆိုလိုသည်။

နိဒါန်း

"မေ... သဘောကျရဲ့လား"

"ဒါ မေတို့ နေရမယ့် အိမ်ကြီးလား။ လှလိုက်တာအောင်ရယ်"

"တိတ်လည်း တိတ်ဆိတ်တယ်။ ပတ်ဝန်းကျင်ကလည်း သာယာတယ်။ အေးဆေးပဲ။ မကောင်းဘူးလား။"

"ကောင်းပါတယ် အောင်ရယ်။"

"ကဲ...လာ။ အထဲဝင်ကြည့်ရအောင်။"

အောင်ဇော်ထွေးနှင့် မေဝတီတို့က ငယ်ချစ်ဦးများ ဖြစ်ကြပြီး ကိုယ်ဝန်ရခါမှ ကိုယ်ပိုင်အိမ်ကလေး ဝယ်ကာ ပထမဆုံး ပြောင်းလာဖြစ်ကြခြင်း ဖြစ်သည်။ အရင်က မေဝတီ့အလုပ်မှ ပေးထားသော တိုက်ခန်းကလေးတွင် နေကြသည်။ စုမိဆောင်းမိ ရှိသည့်အချိန် ကိုယ်ဝန်လည်း ရှိလာခြင်းကြောင့် ကျယ်ကျယ်ဝန်းဝန်းနေနိုင်ရန် စုထားဆောင်းထားသည့် ငွေကလေးဖြင့် လူသူအရောက်အ‌‌ေပါက် နည်းသော မြို့စွန်တွင် ဈေးချိုသည့် ခြံဝင်းကလေး ဝယ်ပြီး ပြောင်းလာကြခြင်း ဖြစ်၏။

အိမ်က တိုက်ခံပျဉ်ထောင် ရှေးခေတ် နှစ်ထပ်တိုက်ကလေး ဖြစ်ပြီး အိမ်နောက်ဖက်တွင် ရေတွင်းကလေး တစ်ခုလည်း ပါသေးသည်။ အိမ်နှင့်ခြံ အပေါင်းပါကို မမျှော်လင့်နိုင်လောက်အောင် ချိုသောဈေးဖြင့် ရလိုက်သဖြင့် စုထားတာလေး အကုန်သုံးပြီး မျက်စိမှိတ် ဝယ်ချပစ်လိုက်ခြင်း ဖြစ်သည်။

မေဝတီ့ ကိုယ်ဝန်က ၈လကျော် ၉လထဲ ဝင်ပြီ။ အမွာလေး ဖြစ်သဖြင့် ပုံမှန်ထက် ပိုပြီး လေးပင်နေ၏။ ပြီးခဲ့သည့်အပတ် အဂ်ါနေ့က သားဖွားဆရာဝန်နှင့် ပြပြီး အာထျာဆောင်း ရိုက်ထားတည်းက နောက်ထပ် ၂ပတ်နေလျင် မွေးလိမ့်မည်ဟု ပြောထားသဖြင့် နယ်မှ ‌ညီမလေး ချိုနွယ်ကို ခေါ်ထားရသည်။

"ချိုနွယ်ရေ ပစ္စည်းတွေ နင့်အကိုနဲ့ ဝိုင်းကူပြီး နေရာချလိုက်ပါဦး။"
"ဟုတ်ကဲ့...မမ"

အောင်ဇော်ထွေးနှင့် ချိုနွယ်တို့က ကားနောက်ခန်းမှ တကိုယ်စာ အသုံးအဆောင်ပစ္စည်းများကို သယ်ချရင်း အလုပ်များနေစဉ် မေဝတီက အပေါ်ထပ်တက်သည့် လှေခါးလေး ခြေရင်းမှ အပေါ်ထပ်ကို လှမ်းကြည့်နေ၏။

ရုတ်တရက် ဖြတ်ကနဲ ပြေးသွားသည့် အရိပ်ကလေး ခပ်သေးသေးကို တွေ့လိုက်ရသလို ရှိသော်လည်း မေဝတီ မသေချာလှ။ ခရီးပန်းလာသဖြင့် အမြင်မှားခြင်းဟုသာ သဘောထားလိုက်ပြီး ဘယ်သူ့ကိုမှ ပြောမပြတော့။ ထို့အပြင် ပြီးခဲ့သည့်လ ဆေးခန်းပြပြီးအပြန် အောင်ဇော်ထွေးနှင့် ကတောက်ကဆ ဖြစ်ထားသဖြင့် ပြောမနေချင်တော့။

ဒီလိုနှင့်ပင် အိမ်အသစ်တွင် မိသားစုဘဝလေး အခြေတကျ ဖြစ်အောင် ကြိုးပမ်းရဦးမည် ဟူသည့် အတွေးဖြင့် ‌အရာအားလုံးကို မေ့မေ့ပျောက်ပျောက် ထားလိုက်ကာ ပစ္စုပ္ပန်၌သာ ပျော်အောင် ကြိုးစားနေမိတော့သည်။

Baby BluesWhere stories live. Discover now