အခန်း (၁)

10 1 0
                                    

အောင်ဇော်ထွေးရင်ထဲ ဝမ်းနည်းနေသည်။ သားဦးအမွာကို ဒီနေ့မွေးသည်။ မနေ့ နေ့လည်ကတည်းက မေဝတီ ရေမြွာပေါက်ပြီး ဗိုက်စနာသော်လည်း တော်တော်နှင့် မမွေးနိုင်ခဲ့။ ထို့အပြင် သူမက ခွဲဖို့စိတ်ဖို့ အကြောက်လွန်နေသည်။

ဒီလိုနှင့် မနက် ၆နာရီ ၆မိနစ်တွင် ပထမဆုံး အမြွာကို မွေးသည်။ သို့ရာတွင် ကလေးက ရေမွန်းပြီး အသက်မရှုတော့။ နောက် ငါးမိနစ်ကျော်ကျော်တွင် နောက်ထပ် အမွာအငယ်ကို မွေးသည်။ အငယ်လေးကတော့ ကံကောင်းထောက်မစွာ အသက်ရှင်သည်။

ဒါသည် မေ့အပြစ်ဟု သူ့စိတ်ထဲ ထင်နေသည်။ မေသာ ခွဲစိတ်ဖို့ သဘောတူခဲ့လျင် သားကြီး ဒီလိုဖြစ်စရာ အကြောင်းမရှိဟု သူ့စိတ်ထဲ စွဲနေသည်။ သို့ရာတွင် သူချစ်ရသည့်ဇနီးကို အပြစ်လည်း မတင်ရက်။ ရင်ထဲ ကြေကွဲနေသော်လည်း ဘယ်သူ့ကို ပေါက်ကွဲရမည် မသိ။ ဒေါသက ဖွဲမီးလို တငွေ့ငွေ့ တောက်လောင်နေ၏။

မေ့ကိုတော့ ကလေးနှစ်ယောက်လုံးကို မွေးကင်းစအဆောင်တွင် ခေါ်ထားသေးသည်ဟု ပြောပြထားရသည်။ အားပြတ်ပြီး မှိန်းနေသော ဇနီးသည်ကို ကြည့်ရင်း သနားရမလား၊ ဒေါသထွက်ရမလား ဝေခွဲမရ ဖြစ်နေ၏။

သားကြီးအကြောင်း ဘယ်လိုပြောရပါ့ဟုလည်း ခေါင်းခြောက်နေမိ၏။

*****

သားကြီး‌အကြောင်း သိသွားတော့ မေက အရုပ်ကြိုးပြတ် ငို၏။ သားငယ်လေးကို နို့တိုက်ရင်း မှိုင်နေတာလည်း ရှိသည်။ ဖက်ပြီး ကျိတ်ငိုနေတတ်သည်။

ချိုနွယ့်ခမျာ အမဖြစ်သူကို ဂရုစိုက်ရမလား၊ တူလေးကို ဂရုစိုက်ရမလား ဗျာများနေရှာသည်။ ဒီကြားထဲ အိမ်မှုကိစ္စများလည်း လက်မလည်အောင် လုပ်ရသေးသည်။

အောင်ဇော်ထွေး ဒီတလော အလုပ်က ခပ်များများ။ သူရေးပေးထားသော သီချင်းအသံသွင်းလျှင် လိုချင်သည့် အနေအထား ရောက်မရောက် ‌သွားပြီး Vocal Coaching လုပ်ပေးရသည်။ တခါတရံ စတူဒီယိုဂျူတီ ဆက်သည့်နေ့ဆို အိမ်ပင် ပြန်မလာနိုင်။ တခါတလေတော့လည်း အိမ်တွင် လနှင့်ချီမြဲနေတတ်သည်။

ဒီအိမ်ကို ပြောင်းလာပြီးကတည်းက သူ့ထံ သီချင်းလာဝယ်တတ်သည့် နာမည်ကြီး အဆိုတော်များ၊ တက်သစ်စ မော်ဒယ်မင်းသမီး မကျ အဆိုတော်မကျလေးများ မတွေ့ရသေး။ ရောင်းထားပြီးသည့် သီချင်းများအတွက်သာ အလုပ်ရှုပ်နေ၏။

ကလေးမမွေးခင်က မော်ဒယ်မလေး ရှင်ယွန်းစံ နှင့် ဘာလိုလို သတင်းထွက်ပြီး မေဝတီနှင့် အကြီးအကျယ် စကားများလိုက်သေးသည်။ နောက်တော့ သုံးလေးရက်ခန့် အိမ်မှ ပျောက်သွားသည်။ မေဝတီ့ခမျာ မျက်ရည်နှင့်မျက်ခွက် ဖြစ်ကျန်ရစ်သည်။ နောက် အိမ်ပြန်ရောက်လာပြီး လင်မယားနှစ်ယောက် ဘာမှ မဖြစ်တော့သည့်နှယ် ဘယ်သူကမှ ထိုအကြောင်း စကားမစတော့။

ဒီရက်ပိုင်း သူအိမ်ပြန်လာချိန်ဆို မေဝတီက ကလေးကို နို့တိုက်ရင်း အိပ်ပျော်နေတတ်သည်။ သူက သားငယ်ကို ချီပြီး တဖက်ခန်းရှိ အိပ်ရာထဲ သွားထည့်ရသည်။ တဖက်ခန်းရောက်တော့ ဆင်တူဝယ်ထားသော ကလေးအိပ်ရာလေး နှစ်ခုကြောင့် ရင်ထဲ မချိအောင် ဖြစ်ရပြန်သည်။

နောက်တော့ သူလည်း ဝီစကီတခွက်ထည့်ကာ ဧည့်ခန်းထဲ ထွက်လာပြီး ထိုင်နေမိတော့သည်။

ရုတ်တရက် ကလေးငိုသံ ကြားလိုက်ရသည်။ သားငယ်က နို့ဆာချိန်မှလွဲ သိပ်မငိုတတ်။ အနေအေးသည်။ အမြဲ ပြုံးနေတတ်သည်။ နေ့ည မှားခြင်းမျိုးမရှိ။ တခါတလေ လူကြီးသူမတွေ ပြောသလို ကလေးဆိုတာ ငိုရမည်၊ မငိုလျှင် မူမမှန် ဆိုသည့်စကားလို သားငယ်ကို မူမှန်ရဲ့လားပင် အတွေးဝင်မိသည်။

အခန်းထဲ ဝင်ကြည့်ဖို့ ထလိုက်တော့ ခေါင်းထဲ ရီတီတီ။ ဝီစကီ တန်ခိုးပြလာပြီ ဖြစ်မည်။ တအိမ်လုံးလည်း အိပ်ပျော်နေကြပြီဖြစ်ရာ ကလေးငိုသံမှ အပ အရာအားလုံးက တိတ်ဆိတ်နေကြသည်။ ချိုနွယ်ကလည်း တနေကုန် ပင်ပန်းထားသဖြင့် ခုချိန် သူ့အနား ဆင်အော်လျှင်ပင် နိုးမှာမဟုတ်။

သားငယ်လေး အခန်းဝရောက်တော့ ရုတ်တရက် ပုတ်အဲ့အဲ့ အနံ့ကြီးတခုက လေအဝေ့တွင် လှိုက်တက်လာသည်။

ဒီကောင် အီးပါထားပြန်ပြီထင်တယ်။

အောင်ဇော်ထွေးက ခပ်ရွှင်ရွှင်တွေးရင်း အခန်းထဲ ဒယိမ်းဒယိုင် လှမ်းသည်။ ကလေးအိပ်စင်ကလေးကို လွှမ်းထားသော ခြင်ထောင်ဇာလေးကို လှပ်ကြည့်လိုက်တော့ သားငယ်က အိပ်ပျော်နေသမှ တုတ်တုတ်ပင် မလှုပ်။

"ဟင်..."

သူဇဝေဇဝါ ဖြစ်သွားသည်။

"ငါခုနက ကလေးငိုသံ သေချာကြားလိုက်ပါတယ်။"

သူမျက်လုံးများကို ပွတ်ပြီး သေချာကြည့်ပြန်သည်။ သားငယ်က အိပ်မြဲ။

ရုတ်တရက် တယောက်ယောက်က သူ့ကိုစောင့်ကြည့်နေသလို ခံစားလာရပြီး ကျောကုန်းတလျောက် စိမ့်တက်လာသဖြင့်  နောက်ကို ဖြတ်ကနဲ လှည့်ကြည့်လိုက်တော့ အရိပ်တစ်ခု ဖြတ်ပြေးသွားသလို ထင်မိသည်။

ညအိပ်မီးမှောင်မှောင်သာ ထွန်းထားသဖြင့် မသည်းကွဲလှ။

Baby BluesWhere stories live. Discover now