အခန်း (၅)

8 1 0
                                    

လင်မယား၂ယောက် စကားများပြီး ညအိပ်မပျော်ဘဲ တလူးလူး တလွန့်လွန့်ဖြင့် မျက်စိကြောင်နေကြသည်။ ဒီကြားထဲ မေက အရုပ်ကို ဖက်ပြီး တအိအိ ငိုနေသေးရာ မွေ့ရာက တလှုပ်လှုပ်‌ဖြစ်နေ၏။

လင်းအားကြီးအချိန်တွင်မှ မှေးကနဲ အိပ်ပျော်သွားပြီး ကလေးရယ်သံ တခစ်ခစ်ကြားသဖြင့် ဆတ်ကနဲ မျက်လုံးဖွင့်ကြည့်မိတော့ ချိုနွယ်က သားငယ်ကို ချီကာ သူ့အမ မေနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။

ချိုငယ်က တခုအကျင့်ကောင်းသည်။ သူတို့လင်မယားနှစ်ယောက်ကြား ဘာတွေဖြစ်ဖြစ်၊ ဘာသံကြားကြား ဘယ်တော့မှ ဝင်မပါ။ အိမ်အလုပ် နိုင်နင်းအောင် လုပ်သည်။ သားငယ်ဝေယျာဝစ္စ အချိန်ရလျှင် ရသလို မေ့ကို ဝင်ကူသည်။

မေက ကလေးမွေးပြီးနောက်ပိုင်း စာမရေးဖြစ်တော့ဘဲ ကလေးကိစ္စသာ အချိန်ပြည့် အာရုံစိုက်နေ၏။ အရင်က သူက နာမည်ကြီး ခရီးသွားဘလော့ဂါ။ ဝက်ဘ်ဆိုဒ်မှ ကြော်ငြာလက်ခံခြင်းပင် ဝင်ငွေအတော် ရွှင်သည်ဟု ပြောလို့ရသည်။ နောက်ပိုင်း ကိုယ်ဝန်ရှိလာပြီး ကူးစက်ရောဂါများကြောင့် ခရီးသွားခြင်းကို ကန့်သတ်ပိတ်ပင်ပစ်လိုက်ရာမှ အလုပ်ကျဲပါးသွားခြင်းဖြစ်၏။

သား‌တွေ မမွေးခင်က လင်မယားနှစ်ယောက်လုံး အတွဲညီညီ ခရီးတွေသွားသည်။ သီချင်းတွေရေးသည်၊ ဆိုသည်။ ဘယ်သွားသွား ဂီတာလေးတလက်တော့ ပါမြဲ။ မေက ခရီးသွား အတွေ့အကြုံတွေ စာနှင့်လည်း ရေးသလို ဗီဒီယို အတိုအစလေးတွေလည်း တင်သည်။ ထိုဗီဒီယိုလေးတွေရဲ့ ကင်မရာမင်းလည်းဟုတ်၊ ဒါရိုက်တာလည်း ဟုတ်သူက အောင်ဇော်ထွေး။

နှစ်ယောက်သား မတွေ့ခင်က မေက ခရီးသွားအေဂျင်စီတစ်ခု၏ လက်ထောက်မန်နေဂျာ။ မျက်လုံးညိုညို တောက်တောက်၊ ဆံပင်ကုတ်ဝဲ၊ သွားတက်ကလေးတွေနှင့် မေ့ကို အောင်ဇော်ထွေးလို သီချင်းရေးဆရာ ဖြစ်ဖို့ အိပ်မက်တွေ တပွေ့တပိုက်နှင့်  နယ်ကတက်လာသော အောင်ဇော်ထွေးက နယ်ပြန်ရန် လေယာဉ်လက်မှတ်ဝယ်ဖို့ အသွား ဆုံရာမှ နဖူးစာ ရွာလည်ခြင်း ဖြစ်၏။

ကိုယ်ဝန်ရလာချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ခရီးသွားခွင့်တွေ ပိတ်ပင်ကန့်သတ်လိုက်ချိန်၊ အောင်ဇော်ထွေး သီချင်းတွေ နာမည်ရလာပြီး စီးပွားတက်လာသည်။ လက်ရှိနေသော အိမ်ကို ကိုယ်ပိုင်ဝယ်နိုင်လာသည်။ ဒါကို လင်မယားနှစ်ယောက်လုံးက ဗိာက်ထဲမှ ကလေးငယ်၏ ကံကြောင့်ဟုဆိုကာ သည်းသည်းလှုပ်ချစ်ကြသည်။

နောက်ပိုင်း မေ့ကိုယ်ဝန် လရင့်လာသလို အောင်ဇော်ထွေးလည်း အလုပ်က ပိုများလာသည်။ နာမည်ကြီး မော်ဒယ်မလေးများ အဆိုလိုင်းဘက် ကူးလိုလျှင် အောင်ဇော်ထွေးသီချင်းကို ဝယ်ဆိုမှ ဆိုသည်အထိ နာမည်တက်လာသလို အောင်ဇော်ထွေးကလည်း သူရေးသည့်သီချင်း သူလိုချင်သည့် မုဒ်မရမချင်း အပြန်ပြန်ဆိုခိုင်းတတ်သည့်အတွက် ပေါက်သီချင်း မနည်း။ ဒီလိုနှင့် ရှင်ယွန်းစံ ဆိုသည့် ကာလသားကြိုက် မော်ဒယ်ပေါက်စလေးနှင့် ဘာလိုလို သတင်းထွက်လာ၏။

အောင်ဇော်ထွေးဘက်က ဒါကို အပြတ်ငြင်းသည်။ ဒါသည် လုပ်ငန်းသဘောအရထက် လုံးဝမပိုဟု ဆိုသည်။ မေနှင့် ကတောက်ကဆဖြစ်ပြီး အိမ်မပြန်ဘဲစတူဒီယိုတွင် သုံးလေးရက်ခန့်  သွားအိပ်သည်။ စတူဒီယို ဖြစ်သည့်အတွက် လူအဝင်အထွက်အမြဲရှိတတ်ရာ သူ့မှာ အနားမရ။

နောက်တော့ မေ့ကို လွမ်းတာရော၊ စိတ်မချတာရောကြောင့် အိမ်ပြန်သွားသည်။ မေကလည်း ဒီကိစ္စကို စကားပြန်မစသဖြင့် သူလည်း အစပြန်ဖော်မနေဘဲ မသိချင်ယောင်သာ ဆောင်နေလိုက်တော့သည်။

ကိုယ်ဝန်လရင့်လာတော့ မေက အလုပ်မှ ထွက်လိုက်ပြီးနောက် ကလေးလေးတွေနှင့် အဆင်ပြေမည့် အိမ်နှင့်ဝင်းကျယ်ကျယ်‌လေး လိုက်ရှာသည်။ ကိုယ်တိုင်တိုက်ခန်း ခပ်ကျဉ်းကျဉ်းနှင့် နေခဲ့ရသူအဖို့ သားသမီးကို ‌ပြေးလွှားဆော့ကစားစရာ မြေနေရာ ကျယ်ကျယ်လေးပါသည့် ခြံဝင်း၊ ယင်း‌ေမြ‌ေပါ် အတူတွဲပါသည့် အိမ်ကလေးကို ဈေးချိုချိုနှင့် ရလိုက်ခြင်းသည် သူတို့အဖို့ ဘုရားမသည့် အခြေအနေပင်။

ရပ်ကွက်ပွဲစားမှတဆင့် ချိတ်ပြီးဝယ်ဖြစ်သော ဝင်းနှင့် အိမ်ကလေးသည် သူတို့အတွက်တော့ အဆင်ပြေရုံမက ဟိုဘက်တဘူတာပင် လွန်နေသေးသည်။ ခြံကမြို့စွန်တွင် ရှိသော်လည်း ကျောင်းနှင့်ဈေးကို ကားနှင့်သွားလျှင် ဆယ့်ငါးမိနစ်ပင်မကြာ။

အိမ်နောက်ဘက်တွင် ရေတွင်းကလေး ရှိသေးသည်။ ထိုရေတွင်းကို ကလေးရလာလျှင် အဖုံးကလေး လုပ်ရဦးမည်။ မီးစက်ကလေးတစ်ခု ဝယ်ရမည်...စသဖြင့် လိုအပ်ချက်ကလေးတွေ တစ်ခုချင်းစီ ဖြေးဖြေးချင်း ဖြည့်စီးဖို့ တေးမှတ်ထားမိသည်။



Baby BluesWhere stories live. Discover now