အပိုင်း ( ၁ ) unicode

456 25 4
                                    

ထိန်ထိန်ညီးနေသည့်နေပူကျဲကျဲအောက် အုန်းဆံခွံရောင်ပေါက်နေသည့် လမ်းမထက် အိတ်တစ်လုံးကိုဆွဲရင်း ဒယိမ်းဒရိုင်ဖြင့် သူ လျှောက်နေသည်မှာ အတော်ကြာပြီဟုပြောရမည်။ နေလုံးကြီးသည် အညှာအတာကင်းမဲ့စွာ သူ၏ စွမ်းအင်များကို အစွမ်း ကုန်ထုတ်လွှတ်ထားသကဲ့သို့ပင်။ နှစ်နာရီကျော်ခန့်ကြာပြီမို့ အကာအကွယ်မဲ့နေသည့် လမ်းမထက် မှ အပူချိန်ကြောင့် မျက်နှာတစ်ခုလုံး မီးပြင်းပြင်းဖြင့်ကင်ထားခံရသလို စပ်ဖျဥ်းဖျဥ်းဖြစ်နေ၏။

မျက်နှာပြင်မှ လည်ပင်းတစ်လျှောက်ရေဖျန်းထားသကဲ့သို့ ချွေးသီးချွေးပေါက်များတွဲခိုနေသည့်အပေါ် စိတ်အဆင် မပြေစွာ မျက်ခုံးနက်နက်များကို တွန့်ချိုးထားလိုက်မိသည်။ စူးရှရှ မျက်၀န်း၊ တင်းတင်းစေ့ ထားသည့် သေသပ် လှပသည့် နှုတ်ခမ်း၊ထင်းနေသည့်မေးကျော၊ လည်ပင်းထက်မှ ထင်းထွက်နေသည့်လည်စလုတ်တို့ဖြင့်ယောင်္ကျားပီသ သည့် သူ၏ သွင်ပြင်သည် မိန်းမလှများကြားရေပန်းစား၏။

သူလိုပညာ၊ရုပ်ရည်ရူပကာ ပြည့်စုံနေသည့်သူက ယခုလို မိုက်ရူးရဲဆန်စွာ ကန္တရဆန်ဆန်လမ်းမထက် အိတ်တစ်လုံး ဆွဲလမ်းလျှောက်နေရသည့်ဖြစ်ရပ်သည့် လုံး၀ယုတ္တိမတန်သည့်ကိစ္စဟု Lucas တွေးလိုက်မိသည်။ပုံမှန်သည်လိုအချိန်သည် လေအေးပေးစက်အပြည့်ဖွင့်ထားသည့် အေးစိမ့်နေသည့်အခန်းထဲစတိုင်ကျကျအလုပ်ရှုပ်နေရမည့်အချိန်ဖြစ်၏။

Lucas သူ သည်နေရာ၊ သည်ဒေသသို့ ရောက်ရှိလာရခြင်းအကြောင်းကိုပြန်တွေးတောလိုက်မိသည်။

သူ့နာမည်က Lucas ၊ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာရှိသည့် မြို့လေးတစ်မြို့မှရောက်ရှိလာခြင်း ဖြစ် သည်။ ထူးဆန်းသည့်အကြောင်းအရာတစ်ခုကြောင့် သူ ဒီလိုလမ်းလျှောက်နေရသည်လို့ပြောလျှင်ပိုမှန်၏။ အရပ် ၆ပေ နှင့် ၃လက်မ၊ အသက်၂၆ နှစ်ထဲရောက်ရှိပြီဖြစ်သည့် Lucas ကယ်လီဖိုးနီးယားတက္ကသိုလ်တစ်ခုမှ စီးပွားရေးမေဂျာ အထူးပြု ဖြင့် ဘွဲ့ရထားသူဖြစ်သည်။

ယခုလိုနေပူပူမှာ အိတ်တစ်လုံးဆွဲလမ်းလျှောက်နေခြင်းက မည်သို့သက်ဆိုင်နေသနည်းဟုသင်တွေးကောင်းတွေး နေလိမ့်မည်။ Lucas သူကိုယ်တိုင်လည်း ထိုကဲ့သို့တွေးခဲ့ဖူးသည်။ လုံး၀ကိုသက်ဆိုင်နေခြင်းကို သင်လည်းမကြာခင် လက်ခံ ရတော့မည်ဖြစ်၏။ ငယ်စဥ်ကတည်းမှ မြို့မှာပဲနေ၊ မြို့မှာပင်ပညာသင်ပြီး ကုမ္ပဏီတစ်ခုမှာအလုပ်၀င်နေသည့် Lucas ရုတ်တရက်ကြီး အိမ်သို့ပြန်ခေါ်ခြင်းခံလိုက်ရသည်။

Magical LoveWhere stories live. Discover now