Part 29

111 20 1
                                    

Medusa သည် Rokumi ဘက်သို့ တစ်ကိုယ်လုံး လှည့်၍ သူ့လက်နှစ်ဖက်စလုံးကို ဆုပ်ကိုင်ရင်းနူးညံ့စွာ ကြည့်သည်။
"ငါလိမ်မာပါ့မယ်။ အဲဒါကြောင့် ဒုတိယ အခွင့်ရေးလေးပေးပါ။ ငါလုပ်ရမယ့် ကိစ္စတွေ အကုန်ပြီးတာနဲ့ မင်းလက်ကို ဆွဲပြီး ဒီနေရာလေးမှာပဲ အတူတူ နေချင်တယ်။ နေ့တိုင်း မင်းနဲ့အတူ နိုးထမယ်။ မင်းနဲ့အတူ စားသောက်မယ်။ မင်းနဲ့အတူ ရယ်မောမယ်၊ ငိုမယ်။ မင်းနဲ့အတူ အသက်ကြီးသွားချင်တယ်။ ဒါငါ့ဆန္ဒ အမှန်ပါ။"
စိတ်လှုပ်ရှားမှုကြောင့် Rokumi ၏ လက်တွေ တဆတ်ဆတ် တုန်လာသည်။ Medusa ပြောသည့် စကားတွေက သူ့နှလုံးသားကို ရိုးတံကနေ ဆွဲလှုပ်နေသလို။

"အထဲဝင်ကြည့်ရအောင်။"
ချီတုန်ချတုန် ဖြစ်နေသော Rokumi အား Medusa သည် ဆက်လက်ဦးဆောင်ပြီး အိမ်ထဲသို့ ခေါ်သွားပေးသည်။ အပြင်မှာ ပူနေပေမဲ့ အထဲရောက်တာနဲ့ အမောပြေသွားစေသည်အထိ အေးချမ်းနေသည်။ နံရံကနေ ကြမ်းပြင်အထိ တပ်ထားသော မှန်နံရံတွေမှာ မြင့်မားလှသော မျက်နှာကြက်ကြောင့် ပိုမိုခန့်ညားဟန် ပေါ်နေသည်။ ဧည့်ခန်းမှာ လွန်စွာ ပြန့်ကျယ်ကြီး အောက်ထပ်တွင် မီးဖိုချောင်နှင့် သန့်စင်ခန်းအပါအဝင် အခန်းလေးခန်းရှိသည်။ ဆိုဖာများသည် ကျွတ်ကျွတ်အိတ်ကြီးများဖြင့် အုပ်မိုးထားကာ သစ်လွင်နေသည်။ နံရံကပ်တီဗီကြီးမှာ ကြီးမားလှကာ ဘယ်နှလက်မ ရှိသလဲတော့ Rokumi လည်း မသိ။ အရာအားလုံးမှာ သူလိုချင်ခဲ့သည့်အတိုင်း၊ တစ်ခုမှ မလွဲဘဲ တည်ရှိနေသည်။

"အပေါ်ထပ်မှာ စာကြည့်ခန်းတစ်ခုရှိတယ်။ မင်း စာအုပ်ဖတ်ရတာ သဘောကျတယ် မဟုတ်လား။ ငါ မင်းသဘောကျလောက်မယ့် စာအုပ်တွေ ထည့်ထားပေးတယ်။ သဘောကျရဲ့လား။ အဆင်မပြေတာရှိရင်လည်း ပြောနော်။ ဆောက်လုပ်ရေး အဖွဲ့ကို ပြန်ပြင်ဆင်ခိုင်းလို့ ရတယ်။"
စကားတပြောပြောနှင့် Rokumi ၏ လက်ကို ကိုင်ကာ ရှေ့ကဦး ဆောင်နေသော Medusa ကို ကြည့်ရင်း Rokumi ရင်ထဲ၌ စို့နင့်လာသလို ခံစားလာရသည်။ ပြင်းထန်လွန်းသည်မို့ မျက်ရည်တွေပင် ဝဲတက်လာသည်မို့ လမ်းလျှောက်နေတာကို ရပ်လိုက်မိသည်။ Medusa က သူ့ဘက်သို့ လှည့်ကြည့်ရင်း
"ဘာဖြစ်လို့လဲ Rokumi။"
Rokumi မျက်နှာပေါ်က မျက်ရည်တွေကို တွေ့လိုက်ရတော့ Medusa ပျာပျာသလဲ ဖြစ်သွားသည်။ Rokumi ဟာ သန်မာသော ယောကျ်ားတစ်ယောက်ဖြစ်ပြီး တော်ရုံ မျက်ရည်မကျတတ်သူမို့ ပိုပြီး စိုးရိမ်မိသည်။
"အရောင် သဘောမကျလို့လား။ အိမ်နေရာ သဘောမကျတာလား။ ဒါမှမဟုတ် ငါလက်ဆွဲထားတာ မကြိုက်လို့လား။"
ဖြစ်နိုင်သော အကြောင်းရင်းများကို မေးမြန်းရင်း Medusa သည် Rokumi မျက်ထောင့်မှ စီးကျနေသော မျက်ရည်များကို သုတ်ယူဖယ်ရှားပေးနေမိသည်။ လှပသော အိမ်ကြီးထဲတွင် ယောကျ်ားလေးတစ်ယောက်က မျက်ရည် ကျနေသလို သူ့ရှေ့တွင် သူ့ကို သဘောကျသော ယောကျ်ားလေးကလည်း တုန်ရည်နေသော လက်တွေဖြင့် ထိုမျက်ရည်နှင့်တကွ နာကျင်မှုတွေကို ဖယ်ရှားရန် ကြိုးပမ်းနေခဲ့သည်။ ဒါပေမဲ့ အလုပ်ဖြစ်မှာ မဟုတ်မှန်း နှစ်ယောက်စလုံး သိနေခဲ့ကြသည်။ မဖြစ်နိုင်မှန်း သိရဲ့သားနဲ့ ကြိုးစားချင်ကြတာ လူသားတွေရဲ့ သဘာဝများလား။

"ငါတို့ မဖြစ်နိုင်တော့ဘူး။"
Rokumi ပါးစပ်က တွန့်ဆုတ်မှု မရှိ ထွက်ကျလာသော စကားက Medusa ၏ ရင်ထဲသို့ အဆိပ်လူးထားသော မြှားအသွင်၊ ဇွက်ခနဲ စိုက်လို့သွားသည်။
"ထပ်မဖြစ်နိုင်တော့ဘူး။.......နောက်တစ်ခါ ထပ်မနာကြင်ချင်တော့ဘူး။...ဒီတစ်ခါဆို ငါ့မှာ ဘာမှ မရှိတော့ဘူး။...ငါကြောက်တယ်ကွ။"
"......."
"မင်းနားလည်မှာ မဟုတ်ပါဘူး။"
သူ့ရှေ့က ချာခနဲ လှည့်ထွက်သွားသော Rokumi ကို Medusa လှမ်းမတားနိုင်ခဲ့ပါ။ သူ့မှာ ခွန်အားမှ မရှိတော့ဘဲ။ စိတ်ခွန်အားတွေ အကုန်ပျက်စီးသွားပြီမို့ ပြန်ပြီး လှုပ်ရှားနိုင်အောင်ပင် အတော် အချိန်ယူလိုက်ရသည်။

အပြန်လမ်းကတော့ အသွားလမ်းနှင့် ဆန့်ကျင်လျက် အေးစက်တိတ်ဆိတ်နေခဲ့သည်။ ဘယ်သူကမှ စကားမစခဲ့ကြ။ လေထုအခြေနေမှာ ကမ္ဘာ့ထပ်သီးခေါင်းဆောင်တွေ အစည်းအဝေး ကျင်းပရာ အခန်းထဲကလို တင်းကြပ်နေခဲ့သည်။ Medusa ဘက်က ကြည့်ရမယ်ဆိုရင်၊ အခုလို တိတ်တိတ် နေခြင်းမှာ Rokumi ကို အားနာပြီး ရင်ထဲမှာ မကောင်းလွန်းလို့ဖြစ်သည်။ Rokumi ဘက်ကတော့ ဒီတိုင်း Medusa အား ရှောင်ချင်၍ ဖြစ်သည်။

သူတို့ အိမ်သို့ ပြန်ရောက်ချိန်တွင် ဂိုထောင်အဝ၌ Rokumi က အရင်ဆင်းသွားပြီး Medusa က ကားပြန်ထည့်ဖို့ လုပ်ရာ ဘယ်က ကားမှန်းမသိသော ကားတစ်စီးက ထိုဂိုထောင်ထဲတွင် ရောက်နေကြောင်း တွေ့ရသည်။ ဒါပေမဲ့ Medusa လည်း သိပ် အာရုံမစိုက်နိုင်ဘဲ Rokumi နောက် လိုက်ရန်သာ အလျင်အမြန် ကားနေရာချပြီး ထွက်လာခဲ့သည်။

Rokumi အထဲသို့ ဝင်လာချိန်တွင် ဝိုင်ပုလင်းသယ်ရင်း ခပ်သုတ်သုတ် သွားနေသော Shigure နှင့် တွေ့ရလေသည်။
"ဪ၊ Rokumi တောင် ပြန်ရောက်ပြီပဲ။"
"အင်း။ မင်းလက်ထဲက ဝိုင်က သခင်မကြီး Natsume သောက်ဖို့လား။"
"ဟင့်အင်း။"
"Arataလား။"
"မဟုတ်ပါဘူးကွာ။ သခင်လေးArataရဲ့ အစ်ကိုကြီး ပြန်ရောက်လို့။"
"ဪ။"
"ဟုတ်သားပဲ။ မေ့တော့မလို့။ သခင်လေး Arataက မင်းကို ပြန်ရောက်ရင် သူ့ဆီ ခေါ်လာခဲ့တဲ့။ သူပေးစရာတစ်ခုရှိလို့တဲ့။"
"သူအခု ဘယ်မှာလဲ။"
"ဧည့်ခန်းထဲမှာ သူ့အစ်ကိုကြီးနဲ့ စကားပြောနေတယ်။ ငါနဲ့ တစ်ခါတည်း လိုက်ခဲ့လေ။"
"အဆင်ပြေပါ့မလား။ သူများရှိနေတာကို။"
"စိတ်မပူပါနဲ့။ သူက မင်းကို သူ့အစ်ကိုကြီးနဲ့ မိတ်ဆက်ပေးချင်နေတာ။ အခုသွားလိုက်ရင် အတော်ပဲပေါ့။"
"အင်း။ ဒါဆိုရင်လည်း ကောင်းပါပြီ။"
Rokumi သည် Shigure နှင့် မနီးမဝေးလောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားပြီး သူ့နောက်က ခြေသံတိတ်နဲ့ လိုက်လာခဲ့သော Medusa ကိုတော့ သတိမထားမိခဲ့ပါ။

To be continue........

Love me like you do(only Unicode)Where stories live. Discover now