Part 55

120 18 0
                                    

Arata ၏ နူးညံ့သော လက်ချောင်းလေးများက ဂီတာကြိုးများအား ထိတွေ့တီးခတ်လိုက်တိုင်း ပညာရှင်ဆန်ဆန် အသံမျိုးက ထွက်လာသည်။ ဒီလို သံစဉ်နှင့်တီးလုံးမျိုး Arata တီးတာ တစ်ခါမှ မကြားဖူးသည်မို့ သူ၏ သူငယ်ချင်းများလည်း အာရုံစိုက်နားထောင်နေမိကြသည်။
"🎵မနေ့တစ်နေ့က အစပြုခဲ့တဲ့ ခင်ဗျားနဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်း။...ထူးခြားတဲ့ ခင်ဗျားရဲ့ ဖြစ်တည်မှုကို မြတ်နိုးမိခဲ့ပါရဲ့။ ဖြူစင်တဲ့အပြုမူတွေ၊ တောက်ပတဲ့ အပြုံးလေးတွေ။ တစ်ခုချင်းစီတိုင်းကို တန်ဖိုးထားနေမိလို့ ချစ်မိနေပြီ ထင်ပါရဲ့။ ချစ်မိနေပြီထင်ပါရဲ့။....🎵"
ထိုသီချင်းဆိုနေတဲ့ တစ်လျှောက်လုံးမှာ Arataသည် Rokumi ကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်မို့ ထိုသီချင်းက ဘယ်သူ့အတွက် ရည်ရွယ်ထားလဲဆိုတာ နားထောင်သူအားလုံး သဘောပေါက်သွားကြသည်။ Rokumi ကတော့ Arataနဲ့ အကြည့်ချင်း မဆုံမိအောင် ကြိုးစားနေပြီး Chimon တို့ကတော့ ကိုယ့်သေတွင်းကိုယ်တူးမိကြသော မိမိတို့ဘဝကိုသာ ပြန်သနားနေမိတော့သည်။

သီချင်းပြီးသွားသောအခါ Arataသည် ဂီတာကို ဘေးတွင် ချရင်း Rokumi ကို ကြည့်ကာ မေးလိုက်သည်။
"ဘယ်လိုနေလဲ။"
"...ကောင်းပါတယ်။"
"အဲဒီသီချင်းက ကျွန်တော် အစ်ကို့အတွက် စပ်ထားတာလေ။"
"အဟမ်း...အဟမ်း...။"
Nobaki က ချောင်းဟန့်လိုက်သဖြင့် Rokumi ပို၍ နေလို့မတတ် ဖြစ်သွားသည်။
"တော်ရုံပဲလုပ် သားကြီးရေ။"
"ငါတို့တွေ သွေးအန်မိတော့မယ်။"
"မကျေနပ်ရင် မင်းတို့လည်း တစ်ယောက်ရှာလေ။ ဒါမှ မဟုတ်လည်း Kurosawa ရှိတာပဲ။ threesomeကြပါလား။"
"ဟေ့ကောင်၊ ငါတို့က ရေမရောတဲ့ အဖြောင့်နော်။"
မျက်နှာတစ်ခုလုံး နီရဲနေပြီဖြစ်သော Rokumi သည် ဆက်မထိုင်နေတော့ဘဲ ထရပ်လိုက်သည်။
"....ငါ...သွားအိပ်တော့မယ်။ မင်းတို့လည်း စောစောအိပ်ကြ။"
တဲဘက်သို့ ထွက်သွားတော့ Rokumi ကျောလေးကို Arata သည် နှမြောတသကြည့်ရင်း Chimon တို့အား လှည့်မဲပါတော့သည်။
"ဘယ်လိုဖြစ်လို့ လိုက်စနေကြတာလဲ။"
"ဟာ၊ ငါတို့ကို မမဲနဲ့လေ။"
"ဒါနဲ့လေ Arata၊ မင်းလူက မင်းကို ပြန်ရော သဘောကျရဲ့လား။ မင်းသူ့ကို လိုက်နေတာ အချိန်တွေပဲ ဒီလောက် ကြာနေပြီ။"
"အေး၊ ပုံမှန်ဆို မင်းရဲ့ အီစီကလီ လုပ်ပုံမျိုး၊ အမ်းပုံမျိုးနဲ့ မိန်းကလေးတွေဆို ကြွေနေလောက်ကြပြီ။....ဧကန္တ သူက ယောကျ်ားလေးမို့လို့များလား။"
"ပေါက်ကရတွေ တွေးမနေကြနဲ့။ ငါပြောသားပဲ။ အစ်ကိုက ထူးခြားပါတယ်ဆို။"
"အေးပါ။ မင်းပိုင်တယ်ဆိုရင်တော့ မင်းဇာတ်မင်းကပေါ့ကွာ။ ငါတို့က မင်းသစ်ပင်ကြီးကို ဟောင်နေမိတဲ့ အဖြစ်မျိုး ရောက်မှာစိုးလို့ Arataရေ။"
"တော်ကြာနေ စိတ်ရောကိုယ်ပါ ပင်ပန်းပြီး ဘာမှ မထူးခြားပဲ နေမှာစိုးလို့ ကြိုသတိပေးထားတာ။"
သူတို့ပြောမှ Arataလည်း စိတ်ထဲ တင်းကြပ်သွားသလို ခံစားမိပြီး လက်ထဲက ဂစ်တာကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။ လက်မခံချင်ပေမဲ့လည်း သူတို့ပြောတာ မှန်နေသည်။ သူ့ဘက်က ခြေလှမ်းတွေပဲ ဘယ်လောက်တိုးတိုး၊ Rokumi ကတော့ အမြစ်ခိုင်ခံ့လှသော သစ်ပင်ကြီးလို၊ ရှိရင်းစွဲနေရာကနေ တုတ်တုတ်တောင် မလှုပ်ခဲ့ပါ။ သူခြေလှမ်းလှမ်းသင့်သလောက် လှမ်းခဲ့ပြီးပြီဖြစ်သော်လည်း ကျန်သော အပိုင်းက Rokumi ၏ ဆုံးဖြတ်ချက်နှင့်သာ သက်ဆိုင်သည်မို့ စောင့်ကြည့်နေရုံသာ ရှိတော့သည်။
.
.
.
.
.
ညသန်းခေါင်ယံအချိန်ဖြစ်၏။ မိုးမျှော်တိုက်ကြီးများ ကင်းစင်နေသဖြင့် ကောင်းကင်ယံက ကြယ်များကို အရောင်တောက်တောက်ပပနှင့် ပြည့်ပြည့်စုံစုံ မြင်နေရ၏။ အေးစက်သော လေများကလည်း လှပသော ကတ္တီပါရောင် ပင်လယ်ပြင်ကြီး ဘက်ကနေ ပြင်းပြင်းထန်ထန် အညှာတာ ကင်းမဲ့လျက် တိုက်ခတ်နေသည်။

လေတိုက်သံကလွဲပြီး ဘာမှ မကြားရသော ထိုနေရာတွင် ဇစ်ဖွင့်သံတစ်ခု ထွက်လာသည်။ Chimon တို့ တဲထဲက ယိုင်တိယိုင်တိုင်နှင့် Kurosawa ထွက်လာခဲ့သည်။ သူ၏ မျက်လုံးများက ပိတ်ထားလျက်ရှိပြီး တအင်းအင်း အသံများ ပြုနေသော်ငြား နိုးနေတာတော့ မဟုတ်။ သူသည် ခဏတာ ထိုနေရာမှာ ရပ်နေပြီးနောက် ပင်လယ်ပြင်ဘက်သို့ တဖြည်းဖြည်း လျှောက်သွားလေသည်။

Rokumi သည် ကိုက်ခဲနေသော ခြေထောက်နှင့် ဆူညံနေသော လေတိုက်သံများကြောင့် အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေရာမှ နောက်ဆုံးတွင် ကျောပူလာသဖြင့် လုံးဝ အိပ်မရ ဖြစ်လာပြီးနောက် လေညင်းခံရန် အပြင်သို့ ထွက်လာခဲ့ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ သူ့ဘေးက Arataကတော့ ပင်ပန်းထားသည့် အရှိန်ကြောင့် ခလူးခလောမြည်ပြီးပင် အိပ်ပျော်၍ နေ၏။ ကလေးဆန်လှသော သူ့ကို ကြည့်ပြီး Rokumi စိတ်ထဲကနေ အကြိမ်ကြိမ် ကျေးဇူးတင်နေမိသလို တောင်းလည်း တောင်းပန်နေမိသည်။

သူ ဘာလိုချင်တာလည်းဆိုတာ သိပေမဲ့ မိမိမပေးနိုင်သော အရာ ဖြစ်နေသည်မို့ လွန်စွာ အားနာမိပြီး စိတ်မကောင်းလည်း ဖြစ်နေမိသည်။ ဖြစ်နိုင်ရင် သူ ထိုကောင်လေးကို ရွေးချယ်ပေးချင်ပါသည်။ ဘယ်သူမဆို ကိုယ့်ကို စိတ်ချမ်းသာအောင် ထားပေရနိုင်မည့်လူကို ရွေးချယ်ပေးချင်ကြတာပါပဲ။.....ဒါပေမဲ့ အချစ်ဆိုတာ ဒီလိုမျိုးပဲလေ။ ကိုယ်စိတ်မချမ်းသာရင်တောင် အဆုံးသတ်ထိ တွယ်ကပ်နေမိကြတဲ့ အရာမျိုးပင်ဖြစ်သည်။ အဲဒါကြောင့်ပဲ Arata လည်း သူ့ကို စိတ်ဆင်းရဲခံပြီး တွယ်ကပ်နေတာ ဖြစ်လိမ့်မယ်ဟု Rokumi တွေးမိသည်။

အများကြီး ထပ်မတွေးနေတော့ဘဲ သူသည် Arata မနိုးစေရန် အထူးသတိပြုပြီး တိတ်တဆိတ်ပဲ အပြင်သို့ ထွက်လာခဲ့သည်။ အပြင်ရောက်တာနဲ့ ပြင်းပြင်ထန်ထန် တိုက်ခတ်နေသော လေကြောင့် တဲထဲ ပြန်ပြေးဝင်ပြီး အနွေးထည်ယူချင်သော စိတ်ဖြစ်မိပေမဲ့ လက်လျှော့ပြီး လရောင်ဖြင့် ခပ်ရေးရေး အလင်းဟပ်နေသော သဲပြင်တစ်လျှောက် လျှောက်လာခဲ့သည်။ သိပ်မကြာခင်ဘဲ ပြင်းထန်သော လှိုင်းပုတ်သံများထဲက ထူးဆန်းသော အသံတစ်သံ ကြားလိုက်ရသလို ခံစားရသည်မို့ ရောက်နေသည့် နေရာတွင် ရပ်ပြီး ပင်လယ်ဘက်သို့ နားစွင့်မိသည်။ အတန်ကြာသည်အထိ ဘာသံမှ မကြားရတော့သဖြင့် လက်လျှော့တော့မလို လုပ်နေစဉ်မှာပဲ ထိုအသံအား ထပ်ကြားလိုက်ရပြန်သည်။
"...ကယ်...ကယ်...ကြပါ..."

To be continue.........

Love me like you do(only Unicode)Where stories live. Discover now