ချည်နှောင်လေသော အချစ်ကြိုး (One Shot)

632 71 30
                                    

" ကျွန်တော် လက်ထပ်ရတော့မယ် "

" ပြန်ပြောစမ်း "

" ကျွန်တော် လက်ထပ်ရတော့မယ် "

" အဲဒီလိုလေး ပြောတာနဲ့ ရသွားရောလား ၊ ကျွန်တော် လက်ထပ်တော့မယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ငါတို့ ဇာတ်လမ်းက ပြီးသွားရောလား ၊ ငါ့ကို ဘာကောင်ထင်နေတာလဲ ၊ ဟင်...ငါ့ကို ဘာကောင်ထင်နေတာလဲ "

လင်းသာ တော်တော်စိတ်ဆိုးနေတာပဲ ။ မျက်လုံးထဲမှာကို လူသတ်ချင်စိတ်တွေအပြည့် ။ ဒီစကားကို ပြောထွက်ဖို့ မိုးသီ တစ်ပတ်လောက်ကို အချိန်ယူခဲ့ရတာ ။ မပြောလို့လဲမဖြစ်တဲ့စကားက ပြောလဲပြောလိုက်ရော လင်းသာရဲ့ဒေါသကို ဆွလိုက်သလိုပဲ ။

" ဖြေလေ ၊ မိုးသီ မင်းမှာ ပါးစပ်ပါတာပဲ ၊ အခု မင်းပါးစပ်ထဲ ဘာစို့လိုက်ပြီလဲ "

" ကျွန်တော် လက်မထပ်လို့ မဖြစ်တော့ဘူး လင်းသာ ၊ အမေက တော်တော်နေမကောင်းဘူး ၊ အမေ တစ်ခုခု ဖြစ်သွားမှာကို ကျွန်တော်ကြောက်တယ် "

" ငါကရော ... ငါ တစ်ခုခု ဖြစ်သွားမှာရော မင်း မကြောက်ဘူးလား"

" ကျွန်တော်မရှိတာနဲ့ လင်းသာက တစ်ခုခု ဖြစ်သွားမှာမှ မဟုတ်တာ "

" ငါက ဘာမှမဖြစ်နိုင်လို့ပစ်ချပြီး မင်းအမေကတော့ နေမကောင်းလို့ အပေါ်ကို မတင်မယ်ပေါ့ ၊ ငါ မင်းကို အစတည်းကပြောခဲ့တယ်နော် ၊ ငါ့ကို လာမကစားနဲ့လို့ ၊ ရေရှည် လက်မတွဲနိုင်ရင် ခဏတဖြုတ် အပျော်မကစားနဲ့လို့ "

" ကျွန်တော့်ဘက်က ဘာမှမပြောနိုင်ပါဘူး ၊ လင်းသာ မကျေနပ်ရင် ကျွန်တော့်ကို ကြိုက်သလောက်ထိုးပါ ၊ ကြိုက်သလိုလုပ် "

" အခု ဘာမှမလုပ်ချင်ဘူး ၊ တစ်ခုတော့ ကြိုပြောထားမယ်နော် ၊ လက်ထပ်ရဲ လက်ထပ်ကြည့် ၊ အဲဒီပွဲကိုရအောင်ငါဖျက်မှာ "

မိုးသီ စားပွဲပေါ်က လင်းသာ လက်ကို လှမ်းကိုင်တော့ အားနဲ့ရုန်းသွားတယ် ။ လင်းသာ စိတ်နဲ့ဆိုရင် မိုးသီကို ဆွဲထိုးချင်နေမှာ ။ မိုးသီလဲလင်းသာနဲ့ မဝေးချင်ပါ ။ လင်းသာကို သိပ်ချစ်ရတာလေ ။ လင်းသာရဲ့ မျက်နှာချောချောလေးကို ငေးကြည့်ရင်း အတွေးတွေက လွန်ခဲ့တဲ့ သုံးနှစ်ကို ရောက်ရှိသွားတယ် ။
********
သူငယ်ချင်းဖြစ်သူနဲ့ ချာ့ဂ်ျ လိုက်တက်တဲ့ မိုးသီ ။ ဗုဒ္ဓဘာသာဖြစ်ပေမဲ့ မိုးသီက အယူမသီး ။ ဘယ်ဘာသာဝင် သူငယ်ချင်းနှင့်မဆို အဆင်ပြေသည် ။ အဲဒီနေ့က မိုးသီနဲ့သူငယ်ချင်းက ချာ့ဂ်ျကျောင်းရဲ့ နောက်ဆုံးတန်းမှာ ထိုင်နေခဲ့တာ ။ တောင်ငေး မြောက်ငေးနဲ့ပေါ့ ။ နတ်သားတစ်ပါးက လူ့ပြည်ကို နတ်သက်ကြွေလာတာလို့ သတ်မှတ်လို့ရတဲ့ လူတစ်ယောက်ကို မိုးသီ တွေ့လိုက်ရတယ် ။ ချောလိုက်တာ ။ အဲဒီလောက်ချောတဲ့သူကို တစ်ခါမှမတွေ့ဖူးသေးဘူး ။ အရပ်ကြီးကလဲအမြင့်ကြီးပဲ ။ အထူးသဖြင့်မျက်လုံးသိပ်လှသည် ။ အရာရာကို အမိန့်ပေး စေခိုင်းနိုင်တဲ့ မျက်လုံးမျိုး ။ စပါးကြီးမြွေရဲ့ အညှို့ခံလိုက်ရသလိုမျိုး မိုးသီ အဲဒီလူဆီက အကြည့်ခွာလို့မရဘူး ။

One ShotWhere stories live. Discover now