အခန်း◀၁၇▶

1.2K 181 49
                                    

ချမ်းသည် ချွေးသံတရွှဲရွှဲ အင်္ကျီဘောင်းဘီတို့တွင် ချေးအစင်းမည်းကြောင်းထင်နေအောင်ပေစုတ်လျက် မီးဖိုချောင်ဘေးဘက်အပေါက်ကနေ ကမန်းကတန်းပြေးတက်လာပြီး ရေခဲသေတ္တာကိုဖွင့်.. ရေတစ်ဘူးကိုဆွဲထုတ်ဖွင့်သောက်နေရင်းက..

" ဒီနေ့ဘာဟင်းချက်တာလဲ... ဂတ်ဂတ်လား.. အောက်အီးလား..."

တရှုံ့ ရှုံ့အနံ့ခံရင်း ကြော်ပြီးစမို့ အုပ်ဆောင်းအသေးလေးနဲ့ သပ်သပ်ဖယ်အုပ်ထားတာကို လှန်ကြည့်လိုက်သည်။

" ကြက်ကြော်ပဲ... ကြက်ဆိုတာ.. မာလည်းမမာစေရ.. ပျော့လည်းမပျော့စေရ... ကြွပ်ကြွပ်ရွရွလေးလည်းဖြစ်အောင်ကြော်မှ အရသာရှိတာ... မှန်းစမ်း..."

" ဟဲ့.. ကောင်လေး... ထမင်းနဲ့ စားလေ..."

ချမ်းက အမေဟန့်လိုက်တာကို မမှုပဲ ကြက်သားကြော်တစ်ဖက်ကိုပါးစပ်ထဲထည့်ကာ ဝါးရင်း။

" ကြက်သားကြော်က ဒီအတိုင်းစားမှ ကောင်းတာ မေမေကလည်း... ထမင်းနဲ့ဆိုဖွယ်တယ်တယ်ကြီး..."

ဆင်ခြေကန်ကာ ကြက်သားကိုပလုတ်ပလောင်းဝါးရင်း ဆီပေသွားသော လက်ညှိုးနဲ့လက်မကို တပြွတ်ပြွတ်မြည်အောင်စုပ်နေသေးတဲ့ သားကို ဒေါ်ဝင်နီက ရယ်ချင်စိတ်နဲ့ကြည့်နေမိရသည်။

'' အစားစားတာလက်မဆေးဘာမဆေး ဒါ ဘယ်ကပြန်လာတာလဲ ... ချွေးတွေသံတွေနဲ့ ''

'' အဘွားလေးတို့ခြံဘက်မှာ ပေါက်စီနဲ့ဆော့နေတာမေမေရဲ့ မမကြီးကို ခြံထောင့်ကအူနီပင် အသီးတွေပွနေတာပြောပြတော့ စားချင်တယ်ဆိုလို့ ''

'' အင်း ရွှေစင်စားချင်တာကနည်းနည်း သူစားချင်တာကများများနေမှာ ... ငရုတ်သီးတွေအများကြီးနဲ့မစားနဲ့နော် ပြီးရင်ဖြစ်လိုက်တော့သူမတူဘူး ... ပြီးတော့တစ်လုံးနှစ်လုံးပဲခူး ''

'' ဟင့် မေမေက ကိုယ့်သားကိုယ် မာလကာသီးလေးတောင်မသထာဘူးလား''

'' ဟဲ့ မသထာပဲရှိမလား ... ရွှေစင်နဲ့နှစ်ယောက်ပေါင်းပြီး အတိုင်းအဆမရှိလုပ်နေကြမှာ စိုးလို့ပေါ့ ငါ့သားလေးရဲ့... ဟိုကလည်း ကလေးသာတစ်ယောက်ရတယ်... ကြီးပေါ.."

" ပြီးရော...လေးလုံးတော့ခူးမယ်... တစ်ယောက်နှစ်လုံးပေါ့...."

သားကလေးတစ်ယောက်ရှိတာ...ပေါတာတာနဲ့... အသက်ကသာကြီးလာတာ လူလားကမမြောက်ချင်....တစ်ဦးတည်းသောသားဖြစ်ရတဲ့ထဲ ဒီဘက်ကမွေးချင်းတွေထဲမှာလည်း သူကအငယ်ဆုံးလိုဖြစ်နေတော့ ပိုဆိုးသည်။အကုန်လုံးကိုလှည့်ပတ် ကလေးလုပ်ကာ ဗိုလ်ကျအနိုင်ကျင့်နေတော့တာပဲ။မတိမ်းမယိမ်းချင်းဖြစ်တဲ့ မဏိနဲ့ မကိုဋ်တို့အမွှာကိုတောင် သူက အငယ်နေရာကနေပြီး ဆိုးချင်သေးတာ။အသက်ချင်းကွာလှမ်းတဲ့ အကြီးတွေကိုဆိုရင်တော့ မပြောနဲ့တော့။စာလည်းသေသေချာချာမလုပ်... သူများတွေလို တက္ကသိုလ်တွေဘာတွေသွားကာ လှလှပပကျော့ကျော့မော့မော့နဲ့ ဟန်ကလေးထုတ်ပြီး လူပျိုလုပ်ဖို့လည်းစိတ်မဝင်စားပေ။ဘောလုံးကန်ချင်တာနဲ့...မုန့်စားချင်တာနဲ့ သူငယ်ချင်းတွေနဲ့ လျောက်သွားနေချင်တာနဲ့ ဘာမှလေးလေးနက်နက်မရှိ...လေရူးကလေးလိုပဲ ဒီကနေဟို ...ဟိုကနေဒီ... ဝှေ့ယမ်းတိုက်ခတ်ပြေးလွှားနေတော့တာပဲ။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now