အခန်း◀၂၇▶

1K 154 53
                                    

ချမ်းအဖြစ်က ကံဆိုးလှစွာ တစ်ခါခိုးတစ်ခါမိတာပင်။ညနေဘက် မွေးနေ့ပွဲနဲ့ရှုပ်နေတာမို့ သောက်နေကျဆေးတွေကို တိုက်ဖို့မေ့လျော့နေခဲ့သည့် မေမေကအိပ်ခါနီးမှ သတိရကာ ဘွားကိုဆေးလာတိုက်ခဲ့သည်တဲ့လေ။သမီးယောက္ခမနှစ်ယောက် ထမင်းစားခန်းထဲရောက်တဲ့အချိန်နဲ့ ချမ်းပြန်တက်လာတဲ့အချိန်ကွက်တိဖြစ်နေတာကတော့ ချမ်းကိုကံကြမ္မာက ကျီဆယ်ဒုက္ခပေးခြင်းသက်သက်ပါပဲ။

မေမေ့ကိုတော့ ဗိုက်ဆာလို့ မာလကာသီးသွားခူးစားတာပါလို့ အကြောင်းပြလိုက်ရုံနဲ့ စိတ်ကူးပေါက်ရာထင်ရာလုပ်တတ်တဲ့သားအကြောင်းသိနေတာမို့ ညနက်သန်းခေါင် ခြံထဲဆင်းတဲ့လုပ်ရပ်အတွက် သိပ်များများဖြေရှင်းစရာမလိုပဲ ..

" ညကြီးမင်းကြီး မစားရပါဘူး.. ဗိုက်အောင့်မယ်..လာ ... ကွေကာအုပ်ဖျော်ပေးမယ် မုန့်နဲ့သောက်" ဆိုတဲ့စကားကိုနာခံကာ ခူးထည့်လာမိသည့်မာလကာသီးတွေကို မေမေ့လက်ထဲအပ်လိုက်ရုံနဲ့ ပြေလည်သွားပေမယ့် ဘွားကတော့ ယုံလှပုံမရပါ။ဘွားမယုံမှန်းကိုမြေးကသိ... မြေးသိနေမှန်းကိုလည်း ဘွားကပြန်သိနေကာ...မနက်ကျလျင် ဘွားဘာများပြောမလဲဟု တထိတ်ထိတ်နဲ့အိပ်လိုက်ရသည့်ချမ်းသည် ညအိပ်မက်ထဲ၌ပင် အိပ်မက်များထွေပြားရှုပ်ထွေး၍နေရပါသေးသည်။မနက်စောစော ထမင်းဝိုင်းတွင် မိသားစုမျက်နှာစုံညီသောအချိန်၌လည်း ဘွားကဘာမှမပြော။ညတုန်းက ကိစ္စကို မရှိခဲ့ဖူးသလိုပင်အစဖျောက်ထားလေသည်။

တကယ်တော့ ချမ်းက မအူမလည်နဲ့တုံးအနားမလည်လို့သာပါ။ဘွားက ချမ်းကိုသူခိုးဖမ်းချင်တဲ့လူမဟုတ်။ဖော်ထုတ်ချင်တဲ့လူမဟုတ်။ကာယကံရှင်ထက်ပင် ဖုံးဖိချင်သေးတဲ့လူ။တတ်နိုင်သမျှ ဒီကိစ္စကိုမရှိခဲ့ဖူးသလို ဖျောက်ဖျက်ကျော်လွန်သွားစေချင်တဲ့လူပင်တည်း။ဒီတော့ ချမ်းပြောသမျှ မဟုတ်မှန်းသိရင်တောင် ဘယ်တော့မှအစဖော်အတည်ပြုမှာမဟုတ်ပေ။

သို့သော် .. တိုက်ရိုက်အပြစ်မရှာတတ်သောဘွားသည် ပညာရှိအမျက်အပြင်မထွက်စေကာ သွယ်ဝိုက်သော တခြားနည်းလမ်းနဲ့တော့ဖြင့် ချမ်းကို ကောင်းကောင်းကြီးအရေးယူခဲ့ချေပြီတည့်။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now