အပိုင်း ၁၀ (က)

1K 68 6
                                    

[ထပ်ပြီးတော့ Remindလုပ်တယ်နော်... ဒီအပိုင်းက စပြီးတော့ စီးရီးနဲ့လုံးဝကို မတူတော့ပါဘူး။ ဒါပေမယ့် ဖတ်ရင်း EarthMixကို မြင်ယောင်ကြည့်ပါ။ တကယ့်ကို သဘောကျဖို့ ကောင်းပါတယ်။]

...

ထိုင်းတော်ဝင်စစ်တပ် ဗိုလ်ချုပ်မှူးကြီးအငြိမ်းစားရဲ့အငယ်ဆုံးသားလေးက Akhaရွာမှာ စေတနာ့ဝန်ထမ်းကျောင်းဆရာလေးအနေနှင့် စာသင်ပေးနေတာ အခုဆို နှစ်လတောင် ရှိခဲ့ပြီ။ အချိန်တွေကတော့ အေးအေးချမ်းချမ်းနှင့် ဘာအနှောင့်အယှက်မှ မရှိဘဲ ကုန်ဆုံးသွားတာပဲ… ကလေးတွေကို သင်ပေးခဲ့တဲ့ သူ့ရဲ့နည်းလမ်းကလည်း အတန်းပညာရေးကို ကောင်းမွန်စွာ မတက်ရောက်ခဲ့ရတဲ့မိဘတွေအတွက်ပါ ထိရောက်မှုရှိတယ်လို့ ပြောလို့ရသည်။ ပြောရရင် ရလဒ်ကောင်းတယ်ပေါ့…

တောင်သူလယ်သမားတွေက ချိန်စက်ပေါ်က အလေးချိန်အတိုင်းအတာကို ဘယ်လိုကြည့်ရလဲဆိုတာကို သင်ယူပြီး ကွာနေတဲ့ပမာဏကို ပြောရဲလာတဲ့အချိန်မှာ ကုန်သည်တွေရဲ့လှည့်စားမှုအောက်ကနေ ဖြည်းဖြည်းချင်း လွတ်မြောက်လာခဲ့သည်။ သူတို့ကို ဂုတ်သွေးစုတ်နေတဲ့လူတွေက ဟိုနား ဒီနားမှာ ရှိနေသေးတယ်ဆိုပေမယ့်လည်း အနည်းအကျဉ်းလောက်သာ ရှိတော့တာကြောင့် ရွာသားတွေရဲ့ဝင်ငွေက သိသိသာသာပင် တိုးတက်လာခဲ့သည်။

ကျောင်းဆရာလေး ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေက နေ့စဉ်ပုံမှန်လုပ်နေကျကိစ္စတွေလိုမျိုး အသားကျလာပြီ။ အပြေးလေ့ကျင့်တဲ့စက်ပေါ် ပြေးရမယ့်အစား ကျောင်းဆီသို့ လမ်းလျောက်ပြီး သွားသည်။ ကိုယ်တိုင် သင်ယူပြီး ချက်ပြုတ်ထားတဲ့သာမန်ရိုးကျဟင်းတွေကို ဆိုင်ကြီးကြီးမှာ ဈေးကြီးကြီးပေးရတဲ့ဟင်းလျာတွေထက်ပိုပြီး နှစ်သက်လာသည်။ ည အိပ်ခါနီးအချိန်မှာလည်း နိူက်ကလပ်က သီချင်းတွေအစား ပုရစ်ကောင်လေးတွေရဲ့စီစီညံနေတဲ့အော်သံလေးတွေကို နားထောင်ရင်း အိပ်ပျော်သွားတက်သည်။

သူ့ရဲ့ခန္ဓာကိုယ်ကလည်း နှလုံးအသစ်ကို တဖြည်းဖြည်းနှင့် အပြည့်အဝလက်ခံလာသည်။ တလှပ်လှပ်ခုန်နေတဲ့နှလုံးသားက ဖြည်းဖြည်းချင်း ခုန်လာပြီဆိုပေမယ့်လည်း ဟိုစစ်သားကြီးနား ရှိနေတဲ့အချိန်မှာတော့ အမြဲတမ်း ဒုန်းစိုင်းတီးကာ ခုန်နေမြဲ… သူ လုံးဝမထိန်းချုပ်နိူင်တဲ့အရာတစ်ခုလိုမျိုးပေါ့… သူ ယူလာခဲ့တဲ့ဆေးတွေကလည်း နှစ်သစ်ကူးမတိုင်ခင်မှာ ကုန်တော့မှာ… တကယ်လို့ သူ ဘန်ကောက်သို့ ဆင်းပြီး ဆရာဝန်ဆီ ဆေးသွားယူမယ်ဆိုရင် အမေက သူ့ကို ဖမ်းခေါ်ထားပြီး ဒီမြေကို ဘယ်တော့မှ ခြေမချနိူင်အောင် လုပ်ပစ်လိမ့်မည်။

A Tale Of Thousand Stars (မြန်မာဘာသာပြန်)Where stories live. Discover now