"ဟတ်ချိုး!!"
ကျောင်းသွားရန်ပြင်နေတုန်း နှာထပ်ချေတော့ အနွေးထည်ကိုပါ ကျွန်တော်ထပ်လို့ ဝတ်လိုက်သည်။မနေ့ညနေက မိုးမိခြင်း၏အကျိုးရလဒ်သည် နှာစေးရုံသာမက လူကိုဖိန်းရှိန်းလို့နေစေ၏။
"ကိုနေမျိုး.."
"ကျောင်းဆရာ ကျောင်းသွားတော့မလို့လား?"
ကျောင်းသွားရင်းနှင့် ဆေးပေးခန်းကိုဝင်တော့ ကိုနေမျိုးမှ ဆီးကြိုနှုတ်ဆက်၏။ကိုနေမျိုးထုတ်ပေးသောထိုင်ခုံကိုယူလို့ ထိုင်ပြီးပါမှ ကျွန်တော်က စကားကိုဆက်လိုက်သည်။
"မနေ့က မိုးမိတော့ ဖျားချင်သလိုဖြစ်နေလို့ ဆေးလေးလာဝင်ယူတာကိုနေမျိုးရေ"
"မနေ့က မိုးက အတော်သည်းသား အရှိန်ကတော့ အခုထိ သေချင်ပုံမပေါ်သေးဘူးဗျာ"
ဆေးဗီရိုထဲမှ ထုတ်ယူလာသော ဆေးကဒ်တစ်ချို့ကို ကပ်ကြေးဖြင့်ညှပ်ရင်း ဆိုလာတော့ ကျွန်တော် ကောင်းကင်ပြင်ကို ပြတင်းတံခါးမှနေ၍ မော့လို့ကြည့်လိုက်သည်။မှိုင်းညို့နေဆဲကောင်းကင်ပြင်က အရှိန်အဟုန်ပြင်းမည့် နောက်ထပ် မိုးတစ်လုံးအတွက် ပြင်ဆင်နေ၏။
"ရက်ဆက်ရွာမယ်ထင်တယ်ဗျ"
"မိုးများတော့ ကောင်းတာပေါ့ဗျာ ဒီဒေသမှာက မိုးများတုန်းလေးပဲ မြေလွှာပျိုးရတာဗျ ကဲရော့ ဒီမှာဆေး အစာစားပြီးသောက်လိုက်ဗျာ"
ပြောရင်းနှင့် ကိုနေမျိုးက ဆေးထုပ်ကို ကမ်းပေးလာ၏။နှာစေးပျောက်ရန်နှင့် ဖျားနာမှုကို ကြိုတင်ကာကွယ်ရန်အတွက် ပေးလာသောဆေးသည် အလုံးအရေအတွက် အနည်းငယ်တော့များလှလေသည်။
"ကျေးဇူးတင်ပါတယ်ဗျာ သွားလိုက်ပါဦးမယ်"
"ကောင်းပါပြီဗျာ"
ဆေးပေးခန်းအဝအထိ လိုက်ပို့သော ကိုနေမျိုးအား နှုတ်ဆက်ပြီးပါမှ ကျွန်တော်လည်း စာသင်ကျောင်းရှိရာဆီ ဦးတည်ခဲ့တော့၏။
"ဖေ့သားကြီးရေ ဆွဲလိုက်စမ်း.."
"ကိုချက်ဖောင်းရေ နေ့ခင်းကျ ပြာတာနဲ့မဲတူကို အရှေ့ရိုးပြတ်မှာ စားကျက်လွှတ်ပေးပါဦး"
YOU ARE READING
နေမလား မောင့်ရင်ထဲဝယ်
FantasyThis is My First Own Creation ✨ Started Date :9/March/2022