အခန်း - ၆ (Z+U)

607 65 0
                                    

(Unicode)

" ဆန်းကြယ်သော ဖူးစာ "

အပိုင်း [၆]

         ကောင်းကင်ပြည် ကောင်းကင်မင်းကြီး တလီချင်းရှောင်၏ နန်းတော်အတွင်း လေထုက အတော်လေး တင်းကျပ်နေသည်။ အရိုင်းဆန်သည့် လေထုသည် ကောင်းကင်မင်းကြီး၏ ဒေါသကို ရှောင်တိမ်းပုန်းကွယ်နေ၏။ ကောင်းကင် နန်းတော်အတွင်း ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည့် တလီချင်းရှောင်အား ကောင်းကင်မိဖုရား ကျိုးသုဖန်က တိတ်ဆိတ်စွာ ကြည့်နေသည်။ သို့သော် သူမက မည်သည့်စကားကိုမျှ ပြောဆိုခြင်းတော့ မရှိချေ။ အချိန်အတော်ကြာမှ ကောင်းကင်မင်းကြီး တလီချင်းရှောင်သည် ထိုင်ခုံတစ်ခုပေါ်၌ ထိုင်ကာ သက်ပြင်းချလိုက်သည်။

" သုဖန် မောင်တော်တို့ သားတော်ကို ဒီအတိုင်းလွှတ်ထားလို့ မဖြစ်တော့ဘူး၊ ကြာလာရင် ကောင်းကင်ပြည်အတွက် အရှက်ရစရာတွေ ဖြစ်လာလိမ့်မယ် "

" မောင်တော်က ဘယ်လို တွေးထားလို့လဲ၊ သုဖန်ကတော့ သားတော်လေးကို မနာကျင်စေချင်ဘူး... "

             ကောင်းကင်မင်းကြီးက ခေါင်းရမ်းလိုက်သည်။ သူကိုယ်တိုင်သည်လည်း သူ၏ သားဖြစ်သူ တလီဖုန်းရှီအား နာကျင်လိုစိတ် မရှိချေ။ ခမည်းတော် တစ်ယောက်အနေဖြင့် မိမိ၏ သားတော်ကို နာကျင်စေလိမ့်မည် မဟုတ်။ သို့သော် ထိုအရာက ကောင်းကင်ပြည်၏ အနာဂါတ်အတွက်ဆိုလျှင်တော့ မဖြစ်နိုင်တော့ပေ။ မည်မျှပင် မနာကျင်စေလိုဘူး ဆိုဦးတော့ ကောင်းကင်ပြည်အတွက်၊ နတ်မျိုးနွယ်အတွက် သူက ထိုအရာကို မဖြစ်မနေ လုပ်ဆောင်ရပေလိမ့်မည်။ အရာအားလုံးသည် ကံတရားအပေါ်၌သာ မူတည်၍ နေပေသည်။

        ကောင်းကင်မင်းကြီးသည် မိဖုရား ကျိုးသုဖန်အား လျှို့ဝှက်စကားတစ်ခု ပြောလိုက်သည်။ သူ၏စကားကြောင့် ကျိုးသုဖန်၏ မျက်လုံးအစုံက ပြူးကျယ်သွားသည်။ သူမက ကောင်းကင်မင်းကြီး၏ ဆန္ဒကို ဆန့်ကျင်လိုသော ဟန်များရှိနေ၏။ သို့သော် တစ်ဖက်တွင်လည်း ဆန့်ကျင်၍ မရသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ ကောင်းကင်မင်းကြီးသည် သူ၏သားတော်အား ကောင်းကင်အမြင်ဖြင့် ကြည့်လိုက်သည့်အခါ ရေလုံးထဲ၌ လုံးထွေးနေသည့် တလီဖုန်းရှီနှင့် ဝမ်ရန်ဟုန်အား တွေ့လိုက်ရသည်။ ထိုတစ်ခဏတွင် သူ၏ ဒေါသက ကောင်းကင်ကိုပင် ဖြိုချပစ်လိုသည်အထိ ပြင်းထန်သွားသည်။ သို့သော် ကောင်းကင် မင်းကြီးတစ်ပါးအနေဖြင့် ဒေါသကို အလျှင်အမြန်ထိန်းချုပ် နိုင်လိုက်သည်။

ဆန်းကြယ်သော ဖူးစာ (Complete-BL) Where stories live. Discover now