အခန်း - ၈ (Z+U)

651 67 0
                                    

(Unicode)

ဆန်းကြယ်သော ဖူးစာ

အပိုင်း [၈]

          ဝမ်ရန်ဟု၏ နတ်ဝိညာဥ်က အတော်လေး ယိမ်းယိုင်သွားသည်။ ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ အဖြူရောင် ဝတ်စုံသည် သွေးများနှင့် ချင်းချင်းနီရဲ သွားသည်။ သို့သော် သူက ပြုံးထားဆဲပင် ဖြစ်သည်။ ကောင်းကင်ထက်သို့ မော့ကြည့်ကာ နောက်ထပ်တစ်ကြိမ် ရစ်သိုင်းဖွဲ့ငင်လာပြီ ဖြစ်သည့် မိုးကြိုးကို ငေးကြည့်၍ နေသည်။ ကောင်းကင်ထက်တွင် တိမ်များက နောက်ထပ်တဖန် ပြန်လည်စုစည်းလာသည်။ ဝမ်ရန်ဟုန်အား အလယ်ဗဟိုပြု၍ တိမ်ဝဲများက သူ့ခေါင်းထက်တွင် ဖြစ်ပေါ်နေသည်။ လျှပ်စီးများက ဖြိုးဖြိုးဖျတ်ဖျတ် လင်းလက်လာပြီး နတ်လမ်းထက်၌ ရပ်နေသည့် သူ့အား တစ်ခါတည်း ဖျက်စီးပစ်လိုက်မည့်ဟန်များ ရှိနေသည်။

         မိုးကြိုးသည် မည်မျှ သူ့အား ဖျက်စီးပစ်ဖို့ ကြိုးစားနေပါစေ သူက ရှေ့သို့ ဆက်လျှောက်ရန်သာ တွေးတောထားသည်။ သာမန် နတ်များအနေဖြင့် မိုးကြိုးဖြူ ပြစ်ဒဏ်တစ်ချက်ကို ခံရလျှင်ပင် နတ်ဝိညာဥ်လောင်ကျွမ်း ပျက်စီး၍ သေစေနိုင်သည်။ ယခု ဝမ်ရန်ဟုန်၏ နတ်ဝိညာဥ်သည် များစွာ ယိုယွင်း ပျက်စီးသွားခဲ့ချေပြီ။ ဝမ်ရန်ဟုန်သည် လဲကျနေရာမှ ထလိုက်ပြီး ရင်ဘက်ကို ဖိလိုက်သည်။ အတင်းလှိုက်တက်လာသည့် သွေးကို ဖိအားပေး၍ မျိုချလိုက်သည်။ ထို့နောက် နှုတ်ခမ်းမှ သွေးတို့ကို သုတ်ရင်း နောက်တစ်ကြိမ် မတ်တပ်ရပ်လိုက်သည်။ သူ့ပုံစံက ကောင်းကင် မိုးကြိုးကို နည်းနည်း လေးမျှ ကြောက်ရွံ့သည့်ဟန် ရှိမနေချေ။ ကောင်းကင် မိုးကြိုးကို မကြောက်ခြင်းသည် သေခြင်းတရားကို မကြောက်လန့်ခြင်းပင် ဖြစ်သည်။

" ဒီမြေနတ်သားက သေဖို့ကိုတောင်မှ မကြောက်ရွံ့တော့ဘူးလား "

        နတ်စစ်သည် သုံးဆယ့်သုံးပါးထဲမှ ခေါင်းဆောင် နတ်မင်းက ရေရွတ်လိုက်သည်။ ထို့နောက်တွင် သူက လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကောင်းကင်ထက်မှ ပြင်းထန်၍ ဖျက်စီးမှုအား များစွာပါဝင်သည့် ဒုတိယအကြိမ် မိုးကြိုးလှိုင်းများ ထွက်ပေါ်လာသည်။ ယခုမိုးကြိုးသည် ဝမ်ရန်ဟုန်အား အမှန်တကယ် သေစေနိုင်စွမ်းရှိသည်။ သို့သော် ဝမ်ရန်ဟုန်ကတော့ နတ်လမ်းထက်တွင် ရပ်မြဲအတိုင်း ရပ်၍ နေသည်။

ဆန်းကြယ်သော ဖူးစာ (Complete-BL) Where stories live. Discover now