အခန်း (၁၁)

2.9K 420 15
                                    

အခန်း (၁၁)

နောက်ဆုံးဘာသာ စာမေးပွဲ ဖြေပြီးပြန်လာကြတော့ အဆောင်မှာ အဆောင်သူတိုင်းလိုလို ပျော်နေကြတယ်။စာလုပ်ရတဲ့ဘဝက​နေ တခဏ လွတ်လပ်သွား​ကြပြီကိုး။အိမ်ပြန်ကြဖို့ အဝတ်တွေ သိမ်းဆည်းတဲ့သူက သိမ်း၊တီဗီရှေ့ရောက်တဲ့သူကရောက်၊ခရီးလက်မှတ် ဖြတ်ဖို့ပြင်ဆင်သူက ပြင်ဆင်နဲ့ စည်ကားသလို ရှုပ်ထွေးသလို ဖြစ် နေကြတယ်။

ကျွန်မလည်း လေးလလောက် ခွဲနေခဲ့ရတဲ့ အဖေနဲ့ ဖွားဖွားကို လွမ်းမိပါတယ်။အိမ်ပြန်ရမှာ ပျော်ပေမယ့် တစ်ယောက်ယောက်နဲ့ ခွဲရတော့မှာကို မပျော်ပါဘူး။အဲ့ဒီတစ်ယောက်ယောက်နဲ့ စိမ်းပြတ်သွားသလို အခြေ အနေကို ပိုပြီးမပျော်ပါဘူး။

ညဘက် အဆောင်ဧည့်ခန်းမှာ လူစုံနေကြပေမယ့် မမမေငြိဏ်းရဲ့ အရိပ်ကလေးကို မတွေ့ရပါဘူး။ဒီတစ်ခါ သူ့အခန်းထဲ ထပ်ဝင်ရရင် ကျွန်မ လူဆိုးကြီးလို ဖြစ်ရတော့မှာပါပဲ။မမမေငြိဏ်း ကျွန်မကို ပြန်ခေါ်စေချင်လိုက်တာကွယ်။

ကျွန်မ ဝရံတာလေးဆီထွက်လာခဲ့တယ်။ထုံးစံအတိုင်း ဝရံတာ မီးချောင်း ခလုတ်ကိုတော့ မဖွင့်ခဲ့ပါဘူး။ကျွန်မ အမှောင်ထဲက လမ်းမကြီးကို ခဏဖြစ်ဖြစ်ငေးမှရမယ်။အမှောင်ထဲက ကောင်းကင် အကျယ်ကြီးကို ခဏဖြစ်ဖြစ် မော့ကြည့်မှရမယ်။တိတ်ဆိတ်မှုထဲ ခဏ နစ်ဝင်ကြည့်လိုက်ပြီးမှ ကျွန်မ အရာရာကို ပုံမှန်ဆန်ဆန် ပြန်ဖြတ်သန်းနိုင်မှာကိုး။ကျွန်မ ရင်ထဲမှာ ကျပ်နေပြီ။နေရာမရှိတော့သလို တစ်ခုခုက ကျပ်ခဲပြည့်သိပ်နေတော့တာပဲ ကိုးလေ။

နွေကောင်းကင်ကြီးက အမှောင်ထဲမှာ ကြယ်တွေ စို့စိ စိို့စိနဲ့ ထည်ဝါ ခမ်းနားလို့ပါပဲ။ညလေပြေတွေဟာ ကျွန်မ မျက်နှာကို ထိကပါး ယိကပါး အေးမြမှုလေးတွေနဲ့ ကျီစယ် နောက်ပြောင် နေသယောင်ပေါ့။ဒါပေမယ့် ကျွန်မ စိတ်မှာ မပျော်ဘူး၊မအေးဘူး သိလား လေပြေကလေးတွေရယ်။ဟင်။မွှေးရနံ့လေး။လေပြေတွေ သယ်လာတဲ့အထဲ ကျွန်မ အမြဲ မှတ်မိနေတဲ့ ​သင်းမြမွှေးရနံ့လေးကို ရလိုက်တယ်။

ကျွန်မ မျက်နှာကို ဘယ်ဘက်လှည့်ကြည့်လိုက်မှ ဝရံတာ တံခါးဝကနေ အထဲပြန်ဝင်ဖို့လုပ်နေတဲ့ မမ မေငြိဏ်း။ကျွန်မကို တွေ့သွားလို့ ပြန်ဝင်ဖို့ထင်ရဲ့။ကျွန်မ ရင်ထဲ တစ်ချက်စိတ်မကောင်းသွားပေမယ့် ကြိုးစားပြီး စကားပြောလိုက်မိတယ်။

မမ မေငြိဏ်းကျော် သိလား vol 1 [Complete]Where stories live. Discover now