အပိုင်း ၄၈

3.1K 415 1
                                    

Unicode

  
ယာယီနန်းဆောင်ပင်ဖြစ်လင့်ကစား ယုံးဝူမင့်ဟာ နေ့စဥ်လူနေမှုကိစ္စတွေကို လွန်စွာဂရုမစိုက်ရှိလှကြောင်း မြင်နိုင်ပေသည်။
  
အစေခံတွေက သူ့အတွက် ပါးလျသည့်ပိုးထည်အကောင်းစားစောင်ခြုံလွှာတွေပြင်ထားပေမဲ့ သူကတော့ တစ်ခါလေးတောင် မသုံးတာ ထင်ရှားလှသည်။

စောင်တွေက သလွန်ပေါ်မှာ ခေါက်ထားခဲ့စဥ်ကအတိုင်း ပုံမပျက်ရှိနေဆဲပင်။ခေါင်းရင်းထက်မှာသာ သေးငယ်လှသည့် အခွက်ရာလေးရှိနေသည်။

စန်းယွမ်ယွမ်သည် သည်နေရာမှာ တော်ရိလျော်ရိ တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံနေမည့် ယုံးဝူမင့်၏ ပုံစံကို စိတ်ထဲမှာတောင် မြင်ယောင်မိသွားရသည်။
  
သူက ရုံးစာရွက်စာတမ်းတွေနှင့် စစ်ရေးစစ်ရာစာအုပ်တွေကို အခန်းထဲမှာဖတ်ဖို့ သယ်လာပေလိမ့်မည်။ဖတ်လို့ပြီးလျှင်တော့ ဖြစ်တတ်ကဆန်း လွှင့်ပစ်ပေလိမ့်မည်။ အကြောင်းမူ ကုတင်ခေါင်းရင်းနှင့် ခြေရင်းမှာပါ စာအုပ်တချို့ ရှိနေသောကြောင့်ပင်။စန်းယွမ်ယွမ်က ဂရုတစိုက်ကောက်ယူကာ တစ်ချက်ကြည့်ပြီးမှ မူလနေရာမှာ ပြန်ထားလိုက်သည်။
  
ဤကမ္ဘာလောကကြီး၏ စာအရေးအသားက ချင်ခတ်က တရုတ်စကားလုံးများနှင့် ဆင်သည်။ သူမအနေဖြင့် ၇၀ကနေ ၈၀ရာခိုင်နှုန်းလောက်ထိတော့ အကြမ်းဖျဥ်းနားလည်၏။သို့ပေမဲ့ သဒ္ဒါတွေက ထူးဆန်းကာ ပုဒ်ဖြတ်ပုဒ်ရပ်တောင် မရှိချေ။တော်တော်လေးကြာအောင်ကြည့်တာတောင် သူမမှာ စာမျက်နှာ ၄ ၅ မျက်နှာပင်မပြီးချေ။အသုံးဝင်မည့် မည်သည့်အချက်မှလည်း ရှာမတွေ့ခဲ့ပါပေ။

သူမ ဘာရှာနေသလဲတော့ သူမကိုယ်တိုင်လည်းမသိချေ။စိုးရိမ်ဖွယ်ရာကောင်းသည့်အခြေအနေမှာ ထိုင်စောင့်မနေချင်သည်မို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးလှုပ်ရှားစေကာ တစ်စုံတစ်ရာကို စိတ်ပြေလက်ပျောက်လုပ်နေခြင်းသာဖြစ်ပြီး ကံကောင်းပါက အချိုးအကွေ့ဖြစ်စေမည့်အရာတစ်ခုခုကို ရှာတွေ့စေရန်လည်း ဖြစ်သည်။
  
နံရံဘေး၌ ကြီးမားသည့်အနက်ရောင်ဗီဒိုကြီးတစ်ခု ရှိသည်။ စန်းယွမ်ယွမ်က ကျောက်စိမ်းရောင်မြောင်းပုံစံ လက်ဆွဲလကိုင်ကို ဂရုတစိုက်ဆွဲကာ ဗီဒိုတံခါးကို ညင်ညင်သာသာဖြင့် ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
  
အထဲမှာက အကုန်သူ့အဝတ်အစားတွေချည်းပင်။
  
အနက်၊ အဖြူ နှင့်မီးခိုး သုံးရောင်သာ။ စတိုင်တွေကလည်း ရိုးရှင်းကာ မျက်လုံးထဲ ထင်းမနေသော ခြေသည်းမဲ့ ဦးချိုမဲ့နဂါးတစ်ကောင်၏ ပုံကို ချည်ထိုးထားသည်။ အဝတ်အစားတွေကို သေသေသပ်သပ်ခေါက်ကာ သည်နေရာမှာ ဘာတစ်ခုမှ ဖွက်ထားခြင်းမရှိသည့်ဟန် ပေါက်နေလေသည်။
  
သူမ စပ်စုစိတ်ဖြင့်ကိုယ်ကိုင်းကာ အနံခံကြည့်လိုက်သည်။
  
ဘာနံ့မှ မရှိချေ။
  
သစ်သားပြတင်းပေါက်ဘေးမှာတော့ ညောင်စောင်းတစ်ခုရှိကာ ထိုအပေါ်၌ ကျောက်စိမ်းဖြူစားပွဲပုပုလေးတစ်လုံးကို တင်ထားသည်။ စားပွဲပေါ်မှာတော့ စုတ်တံထည့်သည့်ခွက်၊ စာရွက်တချို့၊ မင်သွေးကျောက်နှင့် တခြားပစ္စည်းများရှိလေ၏။
  
စန်းယွမ်ယွမ်က တစ်ချက်သွားကြည့်လိုက်ပေမဲ့ ဘာတစ်ခုမှ မတွေ့ရပေ။
  
နိဂုံးချုပ်ကောက်ချက်ချကြည့်ရလျှင်တော့ ယုံးဝူမင့်ဘေးမှာ တကယ့်ကို တခြားမိန်းမတွေ မရှိဘူး ဆိုတာပင် ဖြစ်လေသည်။
  
သူမမျက်လုံးတွေက သလွန်ပေါ်ရောက်သွားကာ ရုတ်တရက် ရပ်တန့်သွား၏။
  
သူမ ခြေသွက်သွက်လှမ်းကာ အစိမ်းရောင်ကျောက်စိမ်းခေါင်းအုံးကို ဂရုတစိုက် မ,ကြည့်လိုက်သည်။
  
ခေါင်းအုံးအောက်၌ဖွက်ထားသည်က အတော်ဟောင်းနေပုံရသည့် အနက်ရောင်သစ်သားသေတ္တာလေးပင်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now