အပိုင်း ၈၇

2.3K 315 1
                                    

Unicode


ထိုစကားလုံး ထွက်ကျပြီးသည်နှင့် သူမ ကိုယ့်ဟာကိုယ် ကြောင်အမ်းသွားတော့သည်။ သူမအနေဖြင့် ကျိုးကြောင်းဆင်ခြင်တတ်သည့်အရွယ်ကစ၍ တစ်ပါးသူအပေါ် ဤနှယ်ကြမ်းတမ်းရိုင်းပျသော လေသံမျိုးနှင့် တစ်ခါမှ မအော်ဖူးခဲ့ချေ။

ဒါက သူမ ယုံးဝူမင့်ကို ကာပေးချင်စိတ်ကြောင့်လား သို့မဟုတ် အနှီပုဂ္ဂိုလ်က သူ့ကို နာကျင်အောင်လုပ်၍ သူမဒေါသထွက်နေတာကြောင့်လားတော့ သူမလည်း မပြောတတ်ပါလေတော့။

ကျောမှာ ဒူးလေးလွယ်ထားသည့် တော်ဝင်ကိုယ်ရံတော်က ကြက်သေသေသွားကာ အမြန်အဆန်ဦးညွတ်ချရင်း ခွင့်လွှတ်ပေးပါရန်တောင်းပန်လာသည်။

"ကျွန်တော်တို့ ကာကွယ်မှုညံ့ဖျင်းသွားပါတယ်။နောက်မှ ဧကရာဇ်ဆီကနေ အပြစ်ကို တောင်းခံလိုက်ပါမယ်"

စန်းသားအဖကတော့ သူတို့အား အေးစက်စက်ကြည့်ကာ မျက်နှာမှာတော့ မနှစ်မြို့မှုတို့ အထင်းသား။

"သွားမယ် ငါတို့ ဒီသရဲတစ္ဆေလိုနေရာမှာ မနေနိုင်ဘူး!"

မိသားစုသုံးယောက်သားက နန်းဆောင်ထဲကနေ ခြေလှမ်းကြဲကြဲဖြင့် ထွက်လာလိုက်ကြသည်။

ကောင်းကင်ထက်က ပြည့်ပြည့်ဝိုင်းဝိုင်း လမင်းကြီးနှင့်အတူ သံမဏိမျှော်စင်ကဲ့သို့ လူထွားကြီးနှင့် ပိန်ပါးပါးလူနှစ်ယောက်ဟာ ကျယ်ဝန်းလှသော စင်္ကြန့်လမ်းမှာရပ်နေခြင်းက တခြားလူတွေ၏ စိတ်အားထက်သန်မှုအပေါ် အမိုက်စား မှတ်ချက်စကားတို့ကိုဖြစ်ပေါ်စေခဲ့၏။

စောနကလေးတင် သားအဖနှစ်ယောက်ဟာ အပြင်ဘက်ကနေ လုပ်ကြံသူနောက်လိုက်သည့် လှုပ်ရှားမှုတွေကြားလိုက်တာကြောင့် စန်းယွမ်ယွမ်အတွက် မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။

သူတို့တွေက သူမနေထိုင်သည့် နန်းဆောင်ကို သွားစစ်ဆေးကြသည့်အခါမှတော့ သူမဆီမှာ တစ်စုံတစ်ရာဖြစ်ပျက်သွားတာကို တွေ့လိုက်ရခြင်း ဖြစ်လေသည်။

မကြာခင်မှာပင် ဧကရာဇ်၏ အနီးကပ်မိန်းမစိုးအိုကြီးက အပြေးအလွှားရောက်လာကာ တောင်းပန်စကား တစ်သီတစ်တန်းကြီးဆိုလာတာကြောင့် စန်းဘုရင်ပင် အနည်းငယ်အနေခက်လာရတော့သည်။

စန်းယွမ်ယွမ်၏ ဖျောင်းဖျမှုအောက်မှာ နောက်ဆုံးတော့ သားအဖနှစ်ယောက်ဟာ သူတို့၏ ဒေါသမီးတွေကို ငြိမ်းသတ်ရတော့၏။ မိန်းမစိုးအိုကြီးနောက်လိုက်ကာ အတွင်းနန်းဆောင်ထဲ ပြန်ဝင်သွားကြရင်း ဆင်တူပေမဲ့ အသစ်ဖြစ်သည့်နန်းဆောင်ထဲ ရွေ့ပြောင်းလိုက်ကြလေသည်။

သည်တစ်ခါတော့ စန်းဘုရင်နှင့်သားဖြစ်သူဟာ ဘာအကြောင်းပြချက်တွေပဲရှိပါစေ စန်းယွမ်ယွမ်ဘေးက ခွာဖို့ ငြင်းဆန်ကြတော့သည်။

သူမက ကျောက်စိမ်းသလွန်မှာထိုင်ကာ ကျင့်ကြံရေးကို လေ့ကျင့်နေချိန်မှာ သားအဖနှစ်ယောက်၏ မျက်လုံးတွေကတော့ မီးအိမ်တွေအလား စိုက်ကြည့်ကာ ဘေးတစ်ဖက်တစ်ချက်ကနေ စောင့်ကြပ်ပေးနေတော့၏။

တကယ်တော့ စန်းယွမ်ယွမ်မှာ တရားထိုင်နေတာ မဟုတ်ပေ။

ယုံးဝူမင့်၏ ထွက်မသွားခင်က အမူအရာက သူမစိတ်ထဲ တစ်ရစ်ဝဲဝဲဖြစ်နေကာ သူမစိတ်အခြေအနေကို နှောင့်ယှက်လို့နေသည်။

သူ့ကျောမှာ စိုက်နေသည့်မြားက ခြင်ဆီထိအောင် နက်လောက်သည်။ ထို့ပြင် သူပြောသည့်စကား။

"ကောင်းပြီ"

ကောင်းပြီ။ ဘာလဲ။ ဘာကိုကောင်းတာလဲ။

မဟုတ်မှ ....လွန်ခဲ့တဲ့ရက်တွေတုန်းက သူအဖြေမပေးခဲ့တဲ့ မေးခွန်းအတွက် တုံ့ပြန်မှုပေးသွားတာလား။

ထို့နေ့က စစ်ပွဲက စတင်တော့မလိုဖြစ်ခဲ့ပြီး သူမက ရထားလုံးထဲထိုင်ပုန်းကာ တုန်လှုပ်နေသော နှလုံးသားနှင့်အတူ ကျောက်စိမ်းအမိန့်တော်ပြားကိုချိုး၍ သူမစာချုပ်ကိစ္စဖြေရှင်းပြီး ကွာရှင်းပြီးသည်ထိစောင့်ကာ ထပ်မံတောင်းရမ်းဖို့လာခဲ့နိုင်မလားဟု သူ့ထံစကားဆိုခဲ့၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now